Thursday, August 15, 2013
လယ်ယာမြေပိုင်ဆိုင်ခွင့် အရှုပ်အရှင်းများ ဖြစ်ပေါ်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်အတွင်းရှိဝါးတရာစက်မှုဇုန်မြေကွက်များကို ဝယ်ယူလိုသည့် တရုတ်လုပ်ငန်းရှင်များ သည် ဒေသခံလယ်သမားများနှင့် အငြင်း
ပွားရမည် စိုးရိမ်၍ ကိုယ်စားလှယ်ဖြင့် တစ်ဆင့်ဝယ်ယူခြင်း မပြုတော့ဘဲ ကိုယ်တိုင် ကွင်းဆင်းကြည့်ရှုပြီးမှ ဝယ်ယူလာကြောင်း ရန်ကုန်မြို့နယ် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ သိရသည်။
ဝါးတရာ ဇုန်မြေကွက်များကို ဝယ်ယူလိုသည့်တရုတ်စီးပွားရေး လုပ်ငန်းရှင်များသည် ကိုယ်တိုင်ကွင်းဆင်း ကြည့်ရှုပြီး ပိုင်ဆိုင်မှု အထောက်အထား ခိုင်လုံစွာ ပြနိုင်၍ စိတ်ကြိုက်ဖြစ်မှသာ အရောင်း အဝယ် ပြုလုပ်ကြသည်ဟု ရန်
ကင်းမြို့နယ် အခြေစိုက် အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ လုပ်ငန်းရှင် ဦးနေမျိုးအောင် က ပြောကြားသည်။
“သူတို့ဝယ်မယ်ဆိုလို့ လိုက်ပြတာ တစ်ပတ်လောက်ရှိပြီ။ ဒါပေမဲ့ အရောင်းအဝယ် မဖြစ်သေးဘူး။ ဒီမှာက လယ်သမား ကိစ္စတွေရှိတော့
သူတို့က သိပ်ပြီးရမ်းမဝယ်ရဲကြဘူး။ တိုင်စိုက်ပြီး ခြံခတ်ထားတဲ့၊ ပိုင်ဆိုင်မှု သတ်သတ်မှတ်မှတ်ရှိတဲ့ မြေတွေမှ သူတို့ဝယ်ရဲတယ်။ အဲဒီပြဿနာ
လေးတွေကြောင့်ဒီဘက်မှာနည်းနည်းတန့်
နေတယ်” ဟု ၎င်းကဆိုသည်။
တရုတ်စီးပွားရေး လုပ်ငန်းရှင်များသည် ယင်းမြေကွက်များကိုအထည်ချုပ်လုပ်ငန်း
များ ဆောင်ရွက်ရန်အတွက် လိုက်လံဝယ်ယူနေခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
ယင်းသို့ တရုတ်စီးပွားရေး လုပ်ငန်းရှင် အများစု စိတ်ဝင်စားလျက် ရှိခြင်းကြောင့် ဝါးတရာစက်မှုဇုန် မြေဈေးသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပေါက်ဈေးထက် ကျပ်သိန်းသုံးရာခန့် ထိဈေးမြှင့်ခေါ်ယူလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အခြေစိုက် အိမ်၊ ခြံ၊ မြေ
အကျိုးဆောင် လုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။
“သူတို့က လုပ်ငန်းလုပ်ဖို့အတွက်ဆိုတော့ တစ်ဧကကွက်လောက်ကို စိတ်မဝင်စားဘူး။ အနည်းဆုံး ဆယ်ဧကလောက်ရှိတဲ့ ဧကကွက်တွေ၊
တစ်ဆက်တည်း ရှိတဲ့နေရာတွေကို ပိုစိတ်ဝင်စားတယ်။ လယ်သမားတွေနဲ့ အရှုပ်အရှင်း ဖြစ်မှာကိုတော့ သူတို့ကြောက်တယ်” ဟု ၎င်းကဆိုသည်။
ဝါးတရာစက်မှုဇုန် မြေဈေးသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တစ်ဧကလျှင် ကျပ်သိန်း
၁၀၀၀ ခန့်ဖြင့် ဈေးပေါက်ခဲ့ရာမှ သြဂုတ်လ လဆန်းပိုင်းခန့်မှစ၍ ယင်းမြေကွက်များကို ကျပ်သိန်း ၁၃၀၀ ခန့်ထိ ဈေးမြှင့်ခေါ်လျက် ရှိကြောင်းယင်းစက်မှုဇုန်မြေဈေးကွက်အ
တွင်းမှ သိရသည်။
The Voice Weekly

