နာလန်မထူနိုင်သေးသည့်ရခိုင်နှင့် သဘာဝဘေးကပေးသော အဆိုးထဲကအကောင်း

ကုလားတန် (ကစ္ဆပနဒီ) မြစ်ရိုးအတိုင်း ခုတ်မောင်းလာသော စက်လှေ ဆိုက်ကပ်သည်နှင့် ‘‘ဟေး’’ခနဲ အော်သံနှင့်အတူ အင်္ကျီဗလာဖြင့် ကလေးငယ်များ ပြေးထွက်လာသည်။ ၀မ်းသာအားရအသံများနှင့်အတူ ရွာထဲရှိ အမျိုးသမီးများပါမကျန် စက်လှေ ပေါ်ပါလာသော ငါးသေတ္တာနှင့် ရေသန့်အိတ်များ ပါဝင်သော  အလှူပစ္စည်းများ ရွှံ့နွံများကိုဖြတ်၍ သယ်ယူကြသည်။


ကျောက်တော်မြို့နယ် အလှမဒီကျေးရွာတွင် သြဂုတ် ၈ ရက် က တွေ့မြင်ခဲ့ရသော မြင်ကွင်း ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ရေဘေးဒုက္ခသည်များအတွက် လှူ ဒါန်းလိုက်သည့် ထောက်ပံ့ရေး ပစ္စည်းများကို အကူအညီနည်း ပါးနေသည့် ဝေးလံခေါင်ဖျား ဒေသများသို့ ရန်ကုန်မြို့မှ တစ်ဆင့် လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းခရီးအဆင့်ဆင့်ဖြင့် Hero Foundation နှင့် 7 Day တို့က သယ်ယူပို့ဆောင်ပေးခဲ့သည်။

ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုး နစ်မြုပ်မှုများသည် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် သမိုင်းတွင် အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ကမ်းရိုးတန်း ဒေသဖြစ်သည့်အတွက် သဘာဝ ဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ခံစားရလေ့ရှိသော်လည်း ယခုတစ်ကြိမ်ရေလွှမ်းမိုးမှုက ဒေသခံများကို အံ့သြတုန်လှုပ်စေခဲ့ခြင်း ဖြစ်သည်။

ရေနစ်မြုပ်မှုများကြောင့် ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စသည့် ဒေသများမှ ပြည်သူ လူထုသောင်းနှင့်ချီ၍ အတိဒုက္ခရောက်ခဲ့ကြသည်။

ဇူလိုင်လလယ်မှ သြဂုတ် ၉ ရက်အတွင်း ရေဘေးဒဏ်ကြောင့် ရခိုင်ပြည်နယ်တွင် ၅၆ ဦး အသက်ဆုံးရှုံးခဲ့ပြီဖြစ်ကာ အိမ်ခြေတစ်သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ သည်။ လူဦးရေ တစ်သိန်းခန့်၊အိမ်ထောင်စု တစ်သောင်းကျော် ရေဘေးဒဏ်ခံစားခဲ့ရပြီး စုစုပေါင်း တန်ဖိုး ကျပ်သန်းပေါင်း သုံးသောင်းကျော် ဆုံးရှုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ အစိုးရထုတ်ပြန်ချက်များ အရ ရေဘေးဒဏ်ခံစားခဲ့ရသော တိုင်းနှင့် ပြည်နယ်များအနက် ရခိုင်ဒေသတွင် လူသေဆုံးမှု အများဆုံးဖြစ်ခဲ့သည်။ လူမျိုးရေး ပဋိပက္ခများကြောင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်သည့် ရခိုင်ပြည် နယ်အတွက် မကြုံဖူးသည့် သဘာဝဘေးကြောင့် ထပ်မံ အထိနာစေ ခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ ဒေသများတွင် ရေပြန်ကျသွားပြီ ဖြစ်သော်လည်း သောက်သုံးရေကန်များ၊ လယ်မြေများ၊ နေအိမ်များနှင့် ဆက်သွယ်ရေးလမ်းများကို ရွှံနွံများ၊ နုန်းများ ဖုံးလွှမ်းကျန်နေခဲ့သဖြင့် အခက်အခဲများနှင့်ရင် ဆိုင်နေရဆဲဖြစ်သည်။  နောက် ဆက်တွဲပြဿနာအဖြစ် ယားနာ၊ ၀မ်းပျက်ဝမ်းလျှောရောဂါများဖြစ်လာသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကူအညီများကို ဒေသခံများက မျှော်လင့်နေကြသည်။

သမိုင်းတွင် မကြုံဖူးသည့် သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသော်လည်း ရခိုင်ပြည်သူများအတွက် ဆိုးကျိုးများကိုသာ ကြုံတွေ့ခဲ့ရသည်တော့မဟုတ်ပါ။ သဘာဝ ဘေးအန္တရာယ်ကြားမှ အကျိုးအမြတ်တစ်ခုကို သူတို့ရရှိခဲ့ကြသည်။ လူမှုရေးနှင့် ပရဟိတစိတ်ဓာတ် များ ပြန်လည်အားကောင်းလာပြီး ပူးပေါင်းဆောင်ရွက်သည့် အလေ့အထဖြင့် သဘာဝဘေးကို အန်တု တတ်လာခြင်းဖြစ်သည်။

‘‘ထင်တောင်မထင်ထားဘူး။ ဒီလောက်မြန်မြန်ဆန်ဆန် တုံ့ပြန် ကြမယ်ဆိုတာကို’’ဟု အပေါက်ဝ ကျေးရွာအုပ်စုမှ အထက်တန်းပြဆရာ ဦးအောင်ကျော်ဇော်က ရေဘေးဒုက္ခသည်များအား ဒေသခံများနှင့် အလှူရှင်များ ပူးပေါင်းကူညီ ခဲ့ကြပုံနှင့် စပ်လျဉ်း၍ ပြောသည်။

၂၀၁၂  ပဋိပက္ခများအပြီး ရခိုင်ပြည်နယ်တွင် လူမှုရေးလုပ်ငန်းများ အားကောင်းခဲ့သော်လည်း တဖြည်းဖြည်း ပြန်လည် လျော့ကျလာခဲ့သည်။ ယခုကြုံ တွေ့ခဲ့ရသော အဆိုးရွားဆုံးရေဘေးကြောင့် လူမှုရေးစိတ်ဓာတ်များ တစ်ဖန် အားကောင်းလာခြင်းလည်းဖြစ်သည်။

‘‘အကောင်းဆိုရင်တော့ လူမှုရေးလုပ်ငန်းတွေပြန် အားကောင်းလာတာပဲပြောရမယ်’’ဟု ရေဘေးထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော စစ်တွေ မြို့မိ၊ မြို့ဖဦးသန်းထွန်းက ပြောသည်။

ရခိုင်ရေဘေးဒုက္ခသည်များ အတွက် ဒေသခံများနှင့် လူမှုရေး အဖွဲ့အစည်းများက တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီရင်း  သောင်းနှင့်ချီသော ပြည်သူများ၏ အပူမီးကို ဝေမျှခံစားခဲ့ကြသည်။ ရန်ကုန်မြို့မှ သယ်ယူလာသည့် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး ပစ္စည်းများကို အကူအညီနည်းပါး နေသည့် ဝေးလံခေါင်ဖျားဒေသများသို့ ခဲရာခဲဆစ်ပို့ဆောင်ရာတွင် ဒေသခံလူငယ်များက တက်ကြွစွာ  ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ကို 7 Day New က မြင်တွေ့ခဲ့ရသည်။

ရေဘေးဒဏ်အကြီးအကျယ် ခံစားရသည့် ဒေသများမှ ပရဟိတ အသင်းအဖွဲ့များ၊ လူငယ်များကလည်း သောက်သုံးရေ ပြတ်လပ်နေသည့် ကျေးရွာများသို့ ရေတိုင်ကီများကို စက်လှေဖြင့် ခဲရာခဲဆစ် သယ်ယူ၍သွားရောက်လှူဒါန်းခဲ့ ကြသည်။ ကိုယ့်ဒေသများတွင် ရေရှားပါးသည့် ပြဿနာကြုံတွေ့ နေသည့်ကြားက အခြားသောရေဘေးသင့်ပြည်သူများအတွက် မျှ ဝေခံစားခဲ့ကြခြင်းဖြစ်သည်။

‘‘အကူအညီမရသေးတဲ့ အစွန် အဖျားရွာတွေ အများကြီးရှိသေး တယ်’’ဟု အပေါက်ဝကျေးရွာ ရက္ခပါလပရဟိတလူငယ်အဖွဲ့မှ ကိုမောင်ဟန်က ကုလားတန်မြစ် တစ်ဖက်မှ မှုန်ပျပျ မြင်နေရသည့် ကျေးရွာများဆီ လက်ညှိုးညွှန်ရင်း ပြောသည်။ ‘‘အဲဒီဘက်တွေ ကိုယ်တိုင်ကွင်းဆင်းလှူရင် ပျော်ကြမှာ’’ဟု သူက 7 Day New အား အကြံပြုသည်။ အဆိုပါဒေသများ သည် ရေဘေးကြောင့် ပျက်စီးနေ သော ရန်ကုန်-စစ်တွေ ကားလမ်းမှတစ်ဆင့် စက်လှေဖြင့် အဆင့် ဆင့်သွားရောက်ရသည့် အစွန်အဖျားကျေးရွာများလည်း ဖြစ်သည်။

‘‘အင်န်ဂျီအို တစ်ခုက လာပေးတဲ့ ဆန်ခြောက်အိတ်ပဲရသေးတယ်၊ လိုတာဆိုရင်တော့ အများကြီးပဲ’’ဟု ကျောက်တော်မြို့နယ် အလှမဒီကျေးရွာလူကြီး ဦးလှရွှေမောင်က အလှူပစ္စည်းများ လာရောက်ပို့ဆောင်သူများအား ပြောသည်။

အိမ်ခြေနှစ်ရာကျော်ရှိသည့် ယင်းကျေးရွာတွင် နေအိမ်၊ လယ်မြေ၊ သောက်သုံးရေကန်များကို ရွှံ့နွံများဖုံးလွမ်းနေကာ အကူအညီနှင့် ပြန်လည်ထူထောင်ရေးများ လိုအပ်နေသည်။

‘‘ရေကို မသောက်ရဲဘူး။ ချွေတာနေရတယ်’’ဟု အသက်(၅၀)အရွယ် ဒေသခံအမျိုးသမီးက လာရောက်လှူဒါန်းသည် စက်လှေပေါ် မှ ရေသန့်အိတ်များကို ချပေးနေသည့် လုပ်အားပေးလူငယ်များကို ကြည့်ရင်းပြောသည်။

ပဋိပက္ခများကြောင့် နဂိုက ပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသော ရခိုင်ပြည်နယ်တွင်  ရေဘေး ကြောင့် မျိုးစပါးနည်းပညာ၊ စက်ကိရိယာ စသည့် ရေရှည်အကူအညီများ လိုအပ်နေဆဲဖြစ်သည်။ ရေဘေးကယ်ဆယ်ရေးလုပ်ငန်း များကို တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်နေသည့် ဒေသခံများ၊ လူမှုရေးအသင်းအဖွဲ့များက ထူထောင်ရေးလုပ်ငန်းများတွင်လည်း တတ်စွမ်းသမျှ ဆောင်ရွက် နေဦးမည်ဟုဆိုသည်။
ပရဟိတနှင့် လူမှုရေးစိတ်ဓာတ်များ တစ်ဖန်ပြန်လည်အားကောင်းလာခြင်းသည် မြန်မာနိုင်ငံ ၏ ဒုတိယအဆင်းရဲဆုံး ပြည်နယ် ဖွံ့ဖြိုးရေးအတွက် သဘာဝဘေးမှ ရယူနိုင်ခဲ့သည့် အဆိုးများစွာထဲမှ အကောင်းတစ်ခုပင်ဖြစ်ပါတော့သည်။

From- 7 Days



SHARE THIS