မင်းပြား ရေကြီးမှုနှင့် သောက်ရေပြဿနာ



- မင်းပြားမြို့၌ ထူးကဲရေတက်ပြီး ပြန်ကျသွားသည့် နောက်ပိုင်း ကြုံတွေ့ရသည့် ပြဿနာမှာ အစားအစာနှင့် သောက်သုံးရေပင် ဖြစ်သည်။

- ကျေးရွာအများစု၌ လူတစ်ရပ်ကျော်နစ်မြုပ်၊ နေအိမ်များနစ်မြုပ်သည့်အတွက် စားရန် သိုလှောင်ထားကြသော ဆန်စပါးများ အားလုံး လိုလို ရေနစ်မြုပ်ပြီး ရေကန်များလည်း ရေနစ်မြုပ်ခဲ့သည့်အတွက် မင်းပြားမြို့နယ်က ပြည်သူအများစုမှာ အစားအစာ ရိက္ခာ ပြတ်တောက်မှု၊ သောက်သုံးရေ ရှားပါးမှု တို့ကို ကြုံတွေ့ခံစားနေကြရသည်။

- ထိုအခက်အခဲများကို ဖြေရှင်းနိုင်ရန် စေတနာရှင် အလှူရှင်များက ဆန်အပါအဝင် အစားအစာ ရိက္ခာများ သောက်ရေသန့်များကို ကျေးရွာများအထိ ကွင်းဆင်း ထောက်ပံ့ပေးနေကြသည်ကို တွေ့ရှိရပါသည်။

- သို့သော်လည်း မင်းပြားမြို့နယ် ပြည်သူများ အဓိက ရင်ဆိုင်နေရသည့် ပြဿနာမှာ သောက်ရေ ဖြစ်သည်ဟု ယူဆမိပါသည်။

- မြစ်ရေကြီးမှုကြောင့် ရေကန်များ အားလုံး ရေဝင်ပြီး သောက်သုံး၍ မရတော့သည့်အတွက် ရေဝင်သည့် ရေကန်များကို ရေစုပ်ထုတ်ပြီး မိုးရေရရှိရန် အချိန်မီ ဆောင်ရွက်နေကြသည်ကို ကြားသိရပါသည်။

- ရေ ပြဿနာနှင့် ပတ်သက်၍ မေးစရာ မေးခွန်း အနည်းငယ်ရှိပါသည်။
(၁) ရေနစ်မြုပ်ပြီး ရေစုပ်ထုတ်ထားသည့် ရေကန်များတွင် ကျန်ရှိသည့် မိုးရာသီ (၂)လအတွင်း မိုးရေ ပမာဏ မည်မျှထိ သိုလှောင်နိုင်မည်ဟု ထင်ပါသနည်း။

(၂) အဆိုပါရေကန်များမှ ရေကို မည်သည့်အချိန်ကာလအထိ သုံးစွဲနိုင်မည်နည်း။

(၃) နောက် လာမည့် မိုးရာသီကျရောက်မည့် အချိန်အထိ ရေသုံးစွဲနိုင်မှု မရှိလျှင် ရေရရှိအောင် မည်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည်နည်း။

(၄) ထိုရေကန်များမှ ရေကို သောက်၍ သင့်လျော်ပါမည်လား။

(၅) သောက်ရန် မသင့်လျော်ပါက သောက်၍ ရနိုင်အောင် မည်သို့ စီမံဆောင်ရွက် မည်နည်း။

- ဒီရေကျသွားပြီးနောက်ပိုင်း မင်းပြားမြို့နယ် အတွင်း အခြေခံပညာ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်သော်လည်း ကျေးရွာများ၌ သောက်သုံးရေ ပြဿနာကြောင့် ကျောင်းသား/သူများ စိတ်ချမ်းသာစွာဖြင့် ပညာသင်ယူနိုင်ရန် အခက်ကြုံလျှက် ရှိနေကြသည်ကို ကြားသိနေရပါသည်။

- မသန့်ရှင်းသောရေကို သောက်သုံးမှုကြောင့် ကျောင်းသား/သူများ ဝမ်းရောဂါများ ဖြစ်ပွားလာနိုင်ပါသည်။

- ထို့ကြောင့် ကျေးရွာများရှိ ကျောင်းသား/သူများ ကျန်းမာရေးကို အခြေခံပြီး မင်းပြားမြို့နယ်ရှိ ပြည်သူများ အားလုံး သောက်သုံးရေ အခက်အခဲကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်း စဉ်းစားပေးကြရန် တင်ပြ တောင်းဆိုအပ်ပါသည်။

- သောက်ရေသန့် ပုလင်းများကို ထောက်ပံ့လှူဒါန်းခြင်းထက် ပိုလို့ အကျိုးရှိမည့် နည်းလမ်းများကို ဆောင်ရွက်ပေးနိုင်ပါရန် လိုအပ်နေပါသည်။

-"ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်"

- တာဝန်ရှိလူကြီးများ အမြော်အမြင်ရှိရှိ စဉ်းစား တွေးတောကာ မင်းပြားမြို့နယ် ပြည်သူများ သောက်ရေပြဿနာကို စီမံ ဆောင်ရွက်နိုင်ပါစေ။

ဦးကျော်ဌေး (မင်းပြား)
Ph : 09 250125165



SHARE THIS
Previous Post
Next Post