ဂျပန်နိုင်ငံ အခြေစိုက် ရခိုင်မျိုးစောင့်အုပ်စု ( Arakan Rakkhita Group) မှ ရေဘေးဒဏ်ကြောင့် စပါးခင်းများ အကြီးအကျယ် ပျက်စီးခဲ့သော မြောက်ဦးမြို့နယ်မှ ကျေးရွာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ မျိုးစပါးများ ဖြန့်ဝေနေကြောင်း သိရသည်။
“ ကျွန်တော်တို့ မြောက်ဦးမြို့မှာ အထိုင်လုပ်ပြီး ကျေးရွာတွေကို ကိုယ်တိုင်ဆင်းပြီး မျိုးစပါးတွေ ဖြန့်ဝေ ပေးနေပါတယ်။ အဓိကတော့ ကောက်ယင်မျိုးစပါး (ကောက်စောစပါး)တွေကို ဖြန့်ဝေပါတယ်။ မျိုးစပါးမရှိတဲ့ အတွက် တကယ့် အခက်အခဲ ဖြစ်နေတဲ့ လယ်သမားတွေကို ကျေးရွာအလိုက်စာရင်း ကောက်ယူပြီး ကူညီနေတာပါ” ဟု ဦးဆောင် ကူညီနေသူ ဦးဘအေးက နိရဉ္စရာသို့ ပြောဆိုသည်။
ကူညီပြီးစီးသွားသော ကျေးရွာများမှာ ရေဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော မြောက်ဦးမြို့နယ်မှ ဒုံဘွေ၊ အောက်ဘုရားကြီး၊ ဒွာရ၊ သံသရာ၊ လက်ကျာ၊ ကျီးဖြူရွာ၊ မောင်သာကုန်း၊ အောက်လေညှင်းတောင်၊ ကျီးဖြူရွာ (မြို) ကျေးရွာများဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ ရခိုင်မျိုးစောင့်အုပ်စုက သိန်း ၅၀ မတည်ပါတယ်။ တစ်ခြား ဂျပန်၊ အမေရိကန်၊ သြစတြေးလျ၊ အီးယူနိုင်ငံတွေ ဖြစ်ကြတဲ့ နယ်သာလန်၊ နော်ဝေးစတဲ့ နိုင်ငံတွေနဲ့ ထိုင်းနိုင်တွေမှာ ရှိနေတဲ့ ရခိုင်အမျိုးသားတွေကလည်း ကူညီကြပါတယ်။ အခုဆိုရင် အခု ကျပ်သိန်း ၁၀၀ ဖိုး မျိုးစေ့စပါးတွေကို ၀ယ်ယူပြီး ကူညီနေတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ထိုင်းနိုင်ငံတွင် ဗြိတိသျှ လူမျိုးနှစ်ဦးကို သတ်ဖြတ်သည့် စွပ်စွဲချက်ဖြင့် ရခိုင်လူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရသော ကော့တောင်ကျွန်းရောက် ရခိုင်အမျိုးသားများကလည်း ကျပ် (၁၀) သိန်း ပေးပို့ ကူညီထားကြောင်း သိရသည်။
မြောက်ဦးမြို့နယ်မှ ဒုံဘွေရွာသည် အပျက်အစီးအလွန်များပြီး ကျွဲနွား ၁၇၈ ကောင်သေဆုံးခဲ့ပြီး စပါးတောင်းပေါင်း သောင်းနှင့်ချီပြီ ပျက်စီးခဲ့သည်ဟု သိရသည်။
ရခိုင်မျိုးစောင့်အုပ်စုသည် မျိုးစပါး တစ်ခုတည်းကို ဦးတည် ကူညီ ထောက်ပံ့နေသော အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး မျိုးစေ့ စပါး ကူညီ လှူဒါန်းလိုသူများသည် တယ်လီဖုန်း ၀၉၂၅၄ ၄၁၂၈၆၅၂ (ဦးဘအေး- မြောက်ဦး) ထံသို့ ဆက်သွယ်နိုင်ပါသည်။
ရခိုင်ပြည်နယ် အတွင်းပျက်စီးသွားသော လယ်မြေများကို ပြန်လည် စိုက်ပျိုးရန် အတွက် မျိုးစပါးများကို ယခုလ တတိယပတ်ကို နောက်ဆုံးထား လိုအပ်နေပြီး အချိန်လွန်ပါက မိုးနည်းပါးသွား၍ စိုက်ပျိုးနိုင်တော့မည် မဟုတ်ဟု သိရသည်။
အစိုးရ၏ စာရင်းအရ ရေကြီးမှုကြောင့် ရခိုင်ပြည်နယ်တွင် လယ်ဧက ၂၁၇၂၄၆ လုံးဝ ပျက်စီးခဲ့သည်ဟု သိရသည်။
From-Arakan State
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)