ဂျပန်​အကူအညီဖြင့်​ ​ကျောက်​ဖြူတွင်​ မိုးလေ၀သရေဒါစခန်းဖွင့်ပြီ

ဂျပန်နိုင်ငံ၏ အကူအညီဖြင့်တည်ဆောက်သည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မိုးလေ၀သတိုင်းတာရေးရေဒါစခန်း တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။

ကျောက်ဖြူမြို့နယ် မင်းပြင်ရွာရှိ အဆိုပါ 'ကျောက်ဖြူ  မိုးလေ၀သတိုင်းတာရေး ရေဒါစခန်းအား အောက်တိုဘာ ၉ ရက်နေ့က ပို့ဆောင်ရေးပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်နှင့် ဂျပန်သံအမတ် မစ္စတာတိတ်ရှီ ဟီဂုချီတို့က ဖွင့်လှစ်ပေးခဲ့သည်။

ကျောက်ဖြူမိုးလေ၀သတိုင်းတာရေး ရေဒါစခန်းအား ၂၀၁၄ ခု မတ်လမှစ၍ တည်ဆောက်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများကို ဂျပန်နိုင်ငံ Taisai Corporation မှ တာဝန်ယူသည်။ ရေဒါစက် ပစ္စည်းများ ကိုမူ ဂျပန်နိုင်ငံမှပင် Japan Radio ကုမ္ပဏီလိမိတက်မှ တာဝန်ယူ တပ်ဆင်ပေးခဲ့သည်။

စခန်းမှရရှိမည့် မုန်တိုင်းအခြေအနေ၊ လေဖိအားနည်းရပ်ဝန်းအခြေအနေ၊ မိုးရွာသွန်းမှု စသည့်မိုးလေ၀သ အအခြေအနေ များကို နေပြည်တော်ရှိ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုဌာနသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့ရမည်ဟု နိုင်ငံပိုင်သတင်းစာ ကဖော်ပြသည်။

မိုးလေ၀သရေဒါ၏ ဖမ်းယူနိုင်စွမ်းမှာ အချင်း မိုင် ၅၀၀ ခန့်ရှိပြီး ၂၀၁၆ ခုတွင် ရန်ကုန်မြို့ မိုးလေ၀သရေဒါနှင့် ၂၀၁၇ ၌ ဖွင့်လှစ်မည့် မန္တလေးမြို မိုးလေ၀သရေဒါများပြီးစီးပါက တစ်နိုင်ငံလုံးနီးပါး လွှမ်းခြုံနိုင်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။ ရေဒါတစ်လုံး၏ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄ သန်းခန့်ရှိသည်ဟု သိရသည်။

အောက်တိုဘာ ၉ ရက်နေ့ ရေဒါစခန်းလွှဲပြောင်းဖွင့်ပွဲသို့ ဂျပန်သံရုံးမှ ဂျပန်ကောင်စစ်ဝန်၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲတို့လည်း ဆက်ရောက်သည်။

ယခုနှစ် ဇွန်လမှ စက်တင်ဘာအတွင်း ပြည်နယ်တိုင်းများတွင် မိုးကြီးရေလျှံရေမြုပ်ခဲ့ပြီး လူ ၁၃၀ ကျော်အသက်ဆုံးရပြီး လူဦးရေ ၁၆ သိန်း ၉ သောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း စက်တင်ဘာနောက်ဆုံးပတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။ ပြန်လည်ထူထောင်မှုများ ဆောင်ရွက်နေသော်လည်း လိုအပ်ချက်များရှိနေပြီး အချိန်ယူရမည်ဟုသိရသည်။

From-Mizzima



SHARE THIS
Previous Post
Next Post