(Local News)
Jan 17 , 2016
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့ ၊ သယ်ယူပို့ ဆောင်ရေးကဏ္ဍ၌ အသုံးပြုနေကြသည့် ဘေးတွဲဆိုင်ကယ်၊အငှါးယာဉ်များအား သက်ဆိုင်ရာမှ ဇန်န၀ါရီ ၁၃ ရက်တွင် ဖျက်သိမ်းရန် အမိန့်စာထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ ဘေးတွဲဆိုင်ကယ်မောင်းနှင်နေသည့် ဆိုင်ကယ်သမားစုပေါင်း လက်မှတ်ကောက်ကာ သက်ဆိုင်ရာသို့ အသနားခံစာတင်သွားမည် ဖြစ်ကြောင်း သိရသည်။
“ ကျောက်ဖြူမှာ ဘေးတွဲဆိုင်ကယ်တွေကို ဖျက်သိမ်းရမယ်လို့ ညွန်ကြားလာတော့ ကျနော်တို့ ဘေးတွဲ ဆိုင်ကယ် သမားတွေ စားဝတ်နေရေး တော်တော် ခက်ခဲ သွားနိုင်ပါတယ်။ ဘေးတွဲ ဆိုင်ကယ် မောင်းနေတဲ့ သူက တစ်ထောင်လောက် အလုပ် လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး တော်တော် အခက်အခဲ ရှိနိုင်ပါတယ်။ ကျောင်းတက်နေတဲ့ သားသမီးတွေ ကိုလည်း ကျောင်းဆက် မထားနိုင်မှာကို စိုးရိမ်ပါတယ်။ ကျနော်တို့ လက်မှတ်ကောက် ခံပြီးတော့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်ဆင့်ကိုလည်း သနားခံစာ တင်သွားမယ်” ဟု ကျောက်ဖြူမှ ဘေးတွဲဆိုင်ကယ် မောင်းနှင်နေသည့် ဆိုင်ကယ်သမားတစ်ဦးဖြစ်သူ ဦးသန်းထွန်း ကပြောကြားကြောင်း Narinjara News ၏ သတင်းတစ်ရပ်ကို ကိုးကား၍ သိရသည်။
ထို့ပြင် ကျောက်ဖြူမှ ဘေးတွဲဆိုင်ကယ်သမားတစ်ဦးဖြစ်သူ ဦးလှမောင်ကလည်း ၂၀၁၄ခုနှစ်က ဘဏ္ဍာရေးနှစ်တွင် ဘေးတွဲဆိုင်ကယ်လိုင်စင်ခ ကျပ်(၁၅၀၀၀)နှင့် ဘီးခွန်ခ ကျပ်(၅၀၀၀)နှင့် စုစုပေါင်း ကျပ်ငွေ (၂၅၀၀၀) ပေးသွင်းရပြီး နိုင်ငံတော်အတွက် အခွန်ရသော ဘေးတွဲ ဆိုင်ကယ်များကို ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ခြင်း အပေါ် ဘေးတွဲ ဆိုင်ကယ် မောင်းသူများမှ နားမလည်နိုင်အောင် ဖြစ်နေကြသည်ဟု ပြောကြားကြောင်း သိရသည်။
အဆိုပါ ဘေးတွဲဆိုင်ကယ်များ ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ကြောင့် ဘေးတွဲဆိုင်ကယ်သမားများက ဇန်န၀ါရီလ ၁၄ ရက်နေ့က ကျောက်ဖြူ ၊ ဘုရားကြီးတောင်ကွင်းတွင် ၁၅ ဦးပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး လက်မှတ်များစုဆောင်း ကောက်ခံကာ သက်ဆိုင်ရာမြို့ နယ်အုပ်ချုပ်ရေးမှုးထံသို့  အသနားခံစာ ရေးသားပေးပို့ ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူတွင် ဘေးတွဲဆိုင်ကယ်အစီး ၂၀၀၀ ခန့် လောက်ရှိပြီး အဆိုပါဖျက်သိမ်းအမိန့်စာကြောင့် မောင်းနှင်သူ မိသားစု ၂၀၀၀ ခန့် လောက် အလုပ်လက်မဲ့ဖြစ်ဖွယ်ရှိနေသည်ဟု သိရသည်။
မောင်လူအေး (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)