(Political News)
Jan 17 , 2016
ယနေ့ (ဇန်န၀ါရီ ၁၇. ရက်) မနက်ပိုင်းက NCA လက်မှတ်မရေးထိုးရသည့် တအာင်းတပ်မတော် TNLA အား NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် အစိုးရ စစ်တပ်တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တအာင်းတပ်ဖွဲ့ မှ တစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပစ်ခတ်တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်များရပ်တန့်စေရန်နှင့် အချင်းချင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်အတွက် နေပြည်တော်၌ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် လွယ်ဆာကျေးရွာအနီး တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ကြောင်းခဲ့ကြောင်း သိရသည်။
"မနက် ၆ နာရီကျော်ကနေ ညနေ ၂ နာရီထိ ဖြစ်တယ်။ ၈ နာရီမတိုင်ခင်ကတော့ RCSS နဲ့ဖြစ်တယ်။ ကျနော်တို့နေတဲ့ဘက်ကို ရောက်လာတယ်။ အဲဒီနောက်ပိုင်းက အစိုးရစစ်တပ်က လာပြီး စစ်ကူပေးတယ်။ ။ အစိုးရဘက်က လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ပစ်တယ်”ဟု TNLA မှ ပြန်ကြားရေးဌာန တာဝန်ခံ မိုင်အိုက်ကျော်က ပြောသည်ဟု Mizzima တွင် ဖော်ပြထားသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားသော နေရာတွင် ယခင်က RCSS တပ်များ လှုပ်ရှားခြင်း မရှိသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း (NCA) လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ဒုတိယ ပတ်မှစတင်၍ TNLA လှုပ်ရှားနေသော နေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းကလည်း RCSS နှင့် TNLA တို့အကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားကာ အစိုးရစစ်တပ်နှင့် TNLA အကြား ၂၀၁၆ ခု ၊ ဇန်န၀ါရီလအတွင်း တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း Mizzima တွင် ဖော်ပြထားသည်။
ယခု TNLA နှင့် RCSS ၊ အစိုးရစစ်တပ်တို့ တိုက်ပွဲများအကြား TNLA တပ်ရှိရာဖက်သို့ အစိုးရစစ်တပ်မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၃၀၀ ကျော်တို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
မင်းမြတ်ခိုင် (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)