ဦးအေးသာအောင် အား အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် NLD ကမ်းလှမ်း

(Political News)
်Jan 21 , 2016

ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့သော ဦးအေးသာအောင် အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ နေရာအား ကမ်းလှမ်းလိုက်ပြီဟု သိရသည်။

ယင်းသို့ ကမ်းလှမ်းမှုအပေါ် ရခိုင်အမျိုးသားပါတီက သဘောတူ မတူကို မသိရသေးသော်လည်း များမကြာမီ အကြောင်းပြန်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမည် မဖော်လိုသူ NLD တာဝန်ရှိသူ တစ်ဦးက  ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က AFP သတင်းဌာနသို့ ဇန်န၀ါရီလ ၂၀ ရက်နေ့က ပြောကြားရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာအား ဦးဝင်းမြင့်အား ရွေးချယ်ထားသကဲ့သို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာအား ဦးမန်းဝင်းခိုင်သန်းကို  လျာထားကြောင်း ပြောဆိုထားသည်။

လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအား တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို လျာထားရာ တစ်ဦးမှာ ကချင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ ရခိုင်အမျိုးသားပါတီမှ ရခိုင်တိုင်းရင်းသား တစ်ဦး ဖြစ်သည် ဟု သိရသည်။

ယင်းနောက်ပိုင်းတွင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် ကမ်းလှမ်းမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စစ်တွေတွင် ရောက်ရှိနေသော ဦးအေးသာအောင်အား ဆက်သွယ်မေးမြန်းရာ ၄င်းအနေဖြင့် ဘာမျှ မသိရသေးကြောင်းနှင့် ယခု ရန်ကုန်သို့ ပြန်ရန် စစ်တွေ လေဆိပ်သို့ ရောက်နေကြောင်း ပြောကြားသည်။

From- Media Initiatives for Democracy



SHARE THIS
Previous Post
Next Post