စစ်တွေ - ဘူးသီးတောင် သင်္ဘောကြီးများပေါ်ရှိ လောင်းကစားမှုများအား တင်းကျပ်စွာ တားမြစ်

ရခိုင်ကမ်းရိုးတန်း ရေကြောင်းပို့ဆောင်ဆက်သွယ်ရေးမှ စစ်တွေ-ဘူးသီးတောင်ပြေးဆွဲသည့် သင်္ဘောများပေါ်၌ ဖဲရိုက်၊ ပဆိတ်၊အရက်သေစာ သောက်စားခြင်းအစရှိသည့် မကောင်းမှုများအား တင်းကျပ်စွာ တားမြစ်ဆောင်ရွက်လာရာ ပပျောက်နေပြီ ဖြစ်ကြောင်း ရေကြောင်းပို့ဆောင် ဆက်သွယ်ရေးမှ သင်္ဘောအရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ရေကြောင်းခရီးအကွာအဝေး မိုင်ပေါင်း(၉၀)ကျော်ရှိသော အဆိုပါခရီးစဉ်အား ဒီရေအတက်အကျ ပေါ်မူတည်၍ ခရီးသွားကြာချိန် စုစုပေါင်း(၉)နာရီမှ(၁၀)နာရီထိ ကြာမြင့်လေ့ရှိကြောင်းကိုလည်း သိရသည်။ ထိုသို့ လမ်းခရီးကြာချိန်များအတွင်း အပျင်းပြေ စိတ်ပြေလက်ပျောက်သဘောဖြင့် အစုလိုက်ဝိုင်းဖွဲ့ ဖဲရိုက်ခြင်း၊ ပဆိတ် လောင်းကြေး ကစားခြင်းနှင့် အရက်သေစာသောက်စားပြီး စိတ်ဆန္ဒအလျှောက် ပျော်ပါးမြူးထူးကခုန်မှုများလည်းရှိရာ ခရီးသွားများအနေဖြင့် အတိတ်တလန့်ဖြင့် စိတ်မချမ်းမသာ ဖြစ်ရခြင်းနှင့် ၄င်းလုပ်ရပ်မှာ ခရီးသွားပုံစံ အင်္ဂါရပ်နှင့်မညီညွတ် သဖြင့် ဌာန၏ဂုဏ်သိက္ခာကိုပါ ထိခိုက်ကျဆင်းစေသည့်အတွက်ယခုကဲ့သို့တင်းကျပ်စွာတားမြစ် ဆောင်ရွက် လာရခြင်းဖြစ်ကြောင်း သိရသည်။ “သင်္ဘောပေါ်မှာ ဘာအကြောင်းကြောင့် ဖဲရိုက်တာ၊ပဆိတ်လောင်းကြေးထိုးတာ၊ အရက် သေစာသောက်စားတာတို့က မပြုလုပ် မပြုအပ်တဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေပါ။ သင်္ဘောကြီးများ( ဓည၀တီ (၁) ၊(၂) ၊(၃) (သင်္ဘောများကို ဆိုလိုခြင်းပါ) စတင်ပြေးဆွဲလာတဲ့ (၁၉၉၆) ခုနှစ်ကတည်း ကပင် ဒီအပြုအမူလုပ်ရပ်တွေကို တားမြစ်လာခဲ့တာပါ။ ဒါပေမဲ့ ခရီးသွား အချို့က ခရီးကြာချိန်ကို အကြောင်းပြပြီး အပျော်စိတ်အပန်းဖြေသဘောဖြင့် တားမြစ်တဲ့ ကြားထဲကပဲ ပြုမူလာတာကို တွေ့ ရပါတယ်။ တစ်ခါတလေမှာ အဲဒီဝိုင်းတွေက ခိုက်ရန်ဖြစ်တာတို့၊ ဆဲရေးတိုင်းထွာတာတို့၊မကြားဝံ့ မနာသာ ရိုင်းပြတဲ့ အော်ဟစ် ဆူညံတာတို့ကြောင်း ခရီးသည်တွေ အထိတ်တလန့် စိတ်မချမ်းမသာ ဖြစ်ရသလို့ ဌာနရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက် ကျဆင်းစေတဲ့အတွက်အခုနှစ်မှစပြီး တင်းကျပ်စွာတားမြစ် ပိတ်ပင် ဆောင်ရွက်လာခဲ့တာပါ“ ဟု အထက်ပါသင်္ဘောသား အရာရှိက ပြောကြားသည်။ ထို့အပြင် သင်္ဘောပေါ်၌ စီးနင်းလိုက်ပါလာသော ခရီးသည်များစားသုံးရန် ထမင်း၊ဟင်းများ ချက်ပြုတ် ရောင်းချခြင်းမှလွဲပြီး အရက်ရောင်းချခြင်း ၊အကြော်အလှော်များ ပြုလုပ်ရောင်းချခြင်းများကိုပါ တင်းကျပ်စွာ တားမြစ်ပိတ်ပင်လာကြောင်းလည်း ၄င်းကဆက်ပြောသည်။ အဆိုပါခရီးစဉ်တွင် နေစဉ် နံနက်(၇း၀၀)အချိန်တွင်စစ်တွေမှ ဘူးသီးတောင်သို့ အသွားတစ်စီးနှင့် ထိုအချိန်အတိုင်း ဘူးသီးတောင်မှစစ်တွေသို့ အလားတူ တစ်စီးနှုန်းဖြင့် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။ ရေကြောင်းခရီးစဉ်အတွင်း ပုဂ္ဂလိကမှ ရွှေပြည်တန်၊ မလိခ ၊NCR ရှပ်ပြေးအမြန် ရေယာဉ်များ ၀င်ရောက်ပြေးဆွဲပေးလျှက် ရှိသော်လည်း ခရီးသွားကုန်သည် အများစုတို့မှာ ခရီးဆိုက်ရောက်ချိန် နောက်ကျသော်လည်း စရိတ်စကကျဉ်းသည့်အတွက် အစိုးရပိုင် သင်္ဘောများကိုသာ ရွေးချယ်စီးနင်း လိုက်ပါမှုများကြောင်းကိုလည်းသိရသည်။ “ လောင်းကစားမှုတွေကို ပိတ်လိုက်တော့ စိတ်အေးသက်သာစွာနဲ့ သွားလာရတာ။ အရင်ကဆို ဟိုဝိုင်းက ရန်ဖြစ်လိုက်၊ဒီဝိုင်းက ဆူညံလိုက်နှင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်“ ဟု စစ်တွေ-ဘူးသီးတောင် ပုံမှန်ခရီးသွား ကုန်သည်တစ်ဦးကပြောကြားသည်။ စစ်တွေ -ဘူးသီးတောင် ရေကြောင်းလမ်း မယူမြစ်ကြော နေရာ အချို့၌ရွံ့အနည်များပို့ချလာမှုများကြောင့် မြစ်အောက် ကြမ်းပြင် မြင့်တက်လာမှုကြောင့် ဒီရေအတက်အကျပေါ်မူတည်ပြီး သင်္ဘော၏ ပုံမှန်အမြန်နှုန်ုးကိုလျော့ချမောင်းနှင် လာရခြင်းဖြစ်ရာ အဆိုပါ သင်္ဘောများစတင်ပြေးဆွဲလာသောနှစ်များက စစ်တွေ -ဘူးသီးတောင် ခရီးစဉ်အား (၅)နာရီခန့် အကြာသာခုတ်မောင်းရကြောင်း သိရသည်။ from myit ma kha

SHARE THIS
Previous Post
Next Post