ရန်ကုန်မြို့တွင် ယနေ့ကျင်းပနေသော ရခိုင်လူငယ်ဖိုရမ် (နောက်ဆက်တွဲ -သတင်း)

မင်းဆက်ခိုင်
  ရန်ကုန်ရောက် ရခိုင်လူငယ်များက စုပေါင်း ကျင်းပသော Rakhine Youth Forum (Yangon) ၏ ပထမနေ့ အစီအစဉ်တွင် မီဒီယာနှင့် မူးယစ်ဆးဝါး ကဏ္ဍကို အဓိက အလေးထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အခမ်းအနားကို နိုဝင်္ဘာလ ၂၄ ရက်နေ့ နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ရန်ကုန်မြို့ သမိုင်းမြို့မ ဘုန်းကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။ “ ကျနော်တို့ ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်ဟာ အဘက်ဘက်က နိမ့်ကျနေပြီး အလွန်တရာမှ ဆင်းရဲ နွမ်းပါးတဲ့ ဒေသတခုဖြစ်တယ်။ ပြဿနာတွေကလည်း အများကြီးပါ။ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျနေတယ်။ အဲဒီတော့ ကျနော်တို့ လူငယ်တွေရဲ့ အသံကို စုပေါင်းပြီး နိုင်ငံ အဆင့်ကနေ နိုင်ငံတကာအဆင့်အထိ ထုတ်ဖော်ချင်တဲ့ ဆန္ဒကြောင့် ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ဖိုရမ်ဖြစ်မြောက်ရေးတွင် ပါဝင် လူပ်ရှား သူတစ်ဦး ဖြစ်သူ ကိုအောင်နေမင်းက နိရဉ္စရာသို့ ပြောသည်။ ၎င်းပြင် တိုင်းပြည်နှင့် လူမျိုးအတွက် အရေးကိစ္စများ ဆောင်ရွက် လုပ်ကိုင်ရာတွင် ရခိုင်လူငယ်များ စုစုရုံးရုံး စည်းလုံးညီညွှတ်မူ ရှိအောင်နှင့် လူငယ်များ၏ အင်အားဖြင့် ရခိုင့်အသံကို နိုင်ငံတကာထိ ဖော်ထုတ် နိုင်အောင် ရည်ရွယ်ပြီး စုပေါင်းပြီး ဖိုရမ်ကို လုပ်ရခြင်းဖြစ်သည်ဟု သူက ဆိုသည်။ အခမ်းအနားဖွင့်ပြီးနောက် ရွိင်တာသတင်းဌာနမှ ဦးအောင်လှထွန်းက ရခိုင်လူငယ်အခန်းကဏ္ဍနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားသလို ဒေါက်တာ မောင်မောင်လွင်ကလည်း လူငယ်နှင် မူးယစ် ဆေးဝါးအခန်းကဏ္ဍကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့သည်။ Rakhine Youth Forum ပြုလုပ်ခြင်း အပေါ် ဦးအောင်လှထွန်းမှ သူ့အမြင်ကို နိရဉ္စရာအား ယခုကဲ့သို့ ပြောကြားသည်။ “ ဒီဖိုရမ်လုပ်တာက တော်တော့ကို ကောင်းပါတယ်။ ဒီထက်ပိုစောပြီးတော့ လုပ်ခဲ့သင့်တာ။ ဒါပေမယ့် နောက်ကျ တယ်ဆိုတာ မရှိပါဘူး။ တော်တော့ကို ၀မ်းသာပါတယ်။ ကြိုဆိုပါတယ်။ အခု ရခိုင်လူငယ်တွေ ကိုယ့်အမျိုးသားရေး ကိစ္စအတွက် လှုပ်ရှားကြတတယ်။ စိတ်ဝင်စားလာကြတာဟာ ၀မ်းသာစရာ တခုပါ” ဟု ဆိုသည်။ လက်ရှိ ရခိုင်လူငယ်တို့၏ အခန်း ကဏ္ဍနှင့် ပတ်သက်ပြီးလည်း သူ့အမြင်ကို ဆက်လက် ပြောကြားသည်။ “ ရခိုင်လူငယ်တွေအပေါ် ကျနော် နှစ်ပိုင်းခွဲပြီးတော့ မြင်တယ်။ တချို့ကလည်း တက်တက်ကြွကြွ လှုပ်ရှားကြတယ်။ တချို့ကလည်း အဲလိုပေါ့ – အဲဒါကလည်း တခြားလူ့အသိုင်းအ၀ိုင်းတွေမှာလည်း ရှိကြတာပဲ။ အကောင်း အဆိုးဆိုတာ ရှိမှာပေါ့။ တချို့ကလည်း စားဝတ်နေရေး၊ ပညာရေအခက်အခဲ နောက်ခံ အခက်အခဲတွေ၊ အကြောင်းအရင်းမျိုးစုံပေါ့၊ ဒီလို ကွာခြားမှုတွေတော့ ရှိတယ်။ ဒါပေမယ့် ရခိုင်လူငယ်တွေ ကိုခြုံပြီးတော့ ကြည့်မယ်ဆိုရင် အားရပါတယ်။ ဒီထက်မက စည်းရုံးစေချင်တယ်။ ဒီထက်မက ထက်မြက်စေ ချင်ပါတယ်။ လူကြီးနဲ့ လူငယ်ကြားမှာတော့ ကွင်းဆက် ပြတ်တာတွေ တွေ့ရပါတယ်။ လူကြီးတွေအနေနဲ့ လက်တွဲဖို့လိုပါတယ်။ နေရာတွေပေးရပါမယ်။ အထိုက် အလျှောက် ဖြစ်လာမယ်လို့တော့ ထင်ပါတယ်။ လူငယ်ထုကလည်း စိတ်ပါဝင်စားရပါမယ်။ နောက်တခုက လူငယ်တွေကလည်း လူကြီးတွေဆီက အကြံ အဥာဏ်တွေယူရပါမယ်၊ တောင်းခံရမယ်၊ ဆွေးနွေးရပါမယ်” ဟု ပြောသည်။ ယခု ပြုလုပ်သည့် ဖိုရမ်သည် လွတ်လပ်သည့် ဖိုရမ်တခုဖြစ်ပြီး မည်သည့် ပါတီ အဖွဲ့အစည်းမှ ကျောထောက် နောက်ခံ ပြုထားခြင်းမဟုတ်ကြောင်း ကိုအောင်နေမင်းက ပြောသည်။ “ ဘယ် အဖွဲ့အစည်း အသင်းအပေါ်မှာမှ မှီတွယ်ပြီးတော့ လုပ်တာမဟုတ်ပါဘူး။ လွတ်လပ်တဲ့ ဖိုရမ်တခုပါ။ ငွေရေး ကြေးရေးအရ ထောက်ပံ့ကြတဲ့ အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ တချို့ ကုမ္ပဏီတွေရှိပါတယ်။ နောက်ပြီးတော့ တသီးပုဂ္ဂလတွေ ရှိပါတယ်။ ဘယ်အဖွဲ့အစည်းရဲ့ သြဇာအောက်မှာမှ လုပ်တာမဟုတ်ပါဘူး။ Myanmar Youth Forum နဲ့တော့ ပူးပေါင်း လုပ်ဆောင် သွားမယ့်ဟာတွေတော့ ရှိပါတယ်။ ဒါတွေကလည်း အခန်းကဏ္ဍတခုအနေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း Rakhine Youth Forum ကို ဒီဇင်္ဘာလအတွင်းတွင် ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ ယနေ့ ပထမနေ့ ဆွေးနွေးပွဲတွင် မီဒီယာနှင့် မူးယစ်ဆေးဝါး အခန်းကဏ္ဍကို တက်ရောက် လာသော ရခိုင်လူငယ်များ အဖွဲ့ ၂ ခု ခွဲပြီး ၀ိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်များကို အတည်ပြု မှတ်တမ်းတင်ထားပြီး ယနေ့ ဒုတိယနေ့တွင် ပညာရေးနှင့် နိုင်ငံရေး အခန်းကဏ္ဍကို ဆွေးနွေးကြမည်ဖြစ်သည်။ ယနေ့ဖိုရမ်သို့ အဖွဲ့အစည်းအသီးနှင့် တသီးပုဂ္ဂလ စုစုပေါင်း ၁၂၀ခန့် တက်ရောက်ခဲ့သည်။

SHARE THIS
Previous Post
Next Post