ပုဂံ အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော်၌ ပထမအကြိမ်မီးပုံးပျံလွှတ်တင်

ထက်အောင်ခန့် (မြစ်မခ) by Myit Makha Mediagroup on 31 Dec, 2012 ပုဂံ ညောင်ဦးမြို့ရှိ အလိုတော်ပြည့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပထမဦးဆုံးအကြိမ်အနေဖြင့် မီးပုံးပျံလွှတ်တင်ခြင်း များကိုထည့်သွင်းကျင်းပခဲ့သည်။ “လုံးတော်ပြည့်ရွှေသင်္ကန်းကြီးကပ်တာ ဒီနှစ်မှာမှ ထူးထူးခြားခြားရွှေပြည့် သွားပါတယ်။ (၂၁) ကြိမ် မြောက်မှာ ထူးထူးခြားခြားဖြစ်တယ်။ ထူးခြားတဲ့အတွက်ကြောင့် ဒီနှစ်မှာမီးပုံးပျံပွဲကိုထည့်သွင်း ကျင်းပရခြင်း ဖြစ်ပါတယ်။” ဟု အလိုတော်ပြည့် စေတီတော်ကြီး ၏ဂေါပကဖြစ်သူ ဦးကျော်တင့် က ပြောသည်။ အလိုတော်ပြည့်ဘုရားပွဲတော်ကို နှစ်စဉ် နတ်တော်လဆန်း (၁)ရက်နေ့မှလပြည့်ကျော် (၁၅)ရက် နေ့အထိ ကျင်းပလေ့ရှိကြောင်း သိရှိရသည်။ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်သည် ၂၁ ကြိမ်မြောက်ဖြစ်ပြီးအလိုတော်ပြည့်စေတီတော်၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူပြီးစီးသည့်အထိမ်းအမှတ်ဖြင့် ပထမဦးဆုံးအကြိမ်မီးပုံးပျံလွှတ်တင်ခြင်းထည့်သွင်း ခဲ့ပြီး ယခုအကြိမ်မှစတင် ကာနောင်နှစ်များတွင်လည်း မီးပုံးပျံလွှတ်တင်ခြင်းများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ “ဒီလိုလွှတ်တင်တာကို ညောင်ဦးသူညောင်ဦးသားတွေကမမြင်ဘူးဖူး။မမြင်ဖူးတဲ့အတွက် ဒီလို ကြည့်ရတော့ စိတ်ထဲမှာအရမ်းပျော်တာပေါ့။ဘေးကနေလက်ခုတ်တီးတယ်။ ကိုယ်တွေက ဟိုကိုသွားကြည့် မှမြင်ရမဲ့ဟာမျိုးလေ။ဒေသခံတွေအနေနဲ့ ၀မ်းသာပြီးဂုဏ်ယူရတာပေါ့”ဟု ညောင်ဦးမြို့ခံတစ်ဦးကပြောသည်။ ပွဲတော်တွင်း မီးပုံးပျံလွှတ်တင်ခြင်းအတွက် ကုန်ကျမူစရိတ်များကိုအလိုတော်ပြည့် ဘုရားအလှူထည့် ၀င်ငွေများထည်းမှ အသုံးပြုကာ တောင်ကြီးမြို့မီးပုံးပျံပညာရှင်များအဖွဲ့မှ လာရောက်လွှတ်တင်ခဲ့ပြီး လပြည့်နေညတွင်နေ့လွှတ်မီးပုံး (၃) လုံး၊ စိန်နပန် (၁)လုံး၊ လပြည့်ကျော် (၁)ရက်နေ့တွင်နေ့လွှတ် မီးပုံး (၂) လုံးနှင့် ညမီးကြီး တစ်လုံး တို့အား ညဘက်တွင်လွှတ်တင်ခဲ့သည်။ မီးပုံးပျံများ၏ ကုန်ကျစရိတ်မှာ နေ့လွှတ်မီးပုံးတစ်လုံးလျှင် ကျပ်တစ်သိန်းခွဲနှင့် ညမီးကြီး/စိန်နပန် တို့မှာ တစ်လုံးလျှင် ကျပ် သိန်း(၂၀)၀န်းကျင်ရှိကြောင်း သိရှိရသည်။

SHARE THIS
Previous Post
Next Post