WEDNESDAY, 26 DECEMBER 2012 16:31
'အခုဖြစ်စဉ်မှာ တာဝန်ရှိသူတွေအနေနဲ့ ကြိုးစားလုပ်ဆောင်ခဲ့ပေမဲ့ လစ်လပ်မှုတွေ၊ ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်'
ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်က AirBagn လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် W 9-011 လေယာဉ် XY - AGC လေယာဉ်အမျိုးအစား F-100 သည် မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းနှင့် နှစ်မိုင်ခန့်အကွာ အရှေ့အနောက် ကန့်လန့်ဖြတ် သွယ်တန်းထားသော ကလော-အောင်သပြေ (၆၆) ကေဗွီ ဓာတ်အားလိုင်းနှင့် လေယာဉ်အောက်ပိုင်း တိုက်မိပြီး သစ်ပင်များနှင့် ထပ်မံတိုက်မိခဲ့သည်။
ယင်းနောက် လေယာဉ်တောင်ပံနှစ်ဖက်ကျိုးကာ မြေပြင်ပေါ်သို့ ပျက်ကျပြီး ပေ ၁၀၀၀ ၀န်းကျင်ခန့် ဒရွတ်တိုက်ဖြစ်သွားကာ မီးလောင်သွားသော ဖြစ်စဉ်တွင် ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် မနွယ်လင်းရှိန် (၃၄) နှစ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့ ဈေးတန်းရပ်ကွက် နေထိုင်သူမှာ သေဆုံးသွားခဲ့သည်။ ထို့အတွက် ၎င်း၏ မိသားစုဝင်တစ်ဦးဖြစ်သူနှင့် မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
မေး။ ။ မိသားစုမှာ မွေးချင်းဘယ်နှဦးရှိပါသလဲ၊ ဆုံးပါးသွားသူက မွေးချင်းတွေအနက် ဘယ်နှစ်ယောက်မြောက်လဲ။
ဖြေ။ ။ ကျွန်တော်တို့ မိသားစုမှာ မောင်နှမသုံးယောက်ရှိပါတယ်။ ယခု ကွယ်လွန်သွားတဲ့အစ်မက မွေးချင်းထဲမှာ အကြီးဆုံးဖြစ်ပါတယ်။
မေး။ ။ လေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်ကို မိသားစုက ဘယ်လို သိရပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့အိမ်ကို အဲဒီနေ့ နံနက် ၁၁ နာရီဝန်းကျင်လောက်မှာ ရပ်ကွက်ထဲက အသိတစ်ယောက် လာပြောတာကနေစပြီး သိခဲ့ရတာပါ။ ဒါနဲ့ ဟဲဟိုးလေဆိပ်ကို ဆက်သွယ်မေးမြန်းပြီး ကျွန်တော်ရယ်၊ အမေရယ်၊ အစ်မနဲ့ လေဆိပ်ကို လိုက်သွားခဲ့ပါတယ်။ဟိုရောက်တော့ လေယာဉ်ပေါ်မှာ ဘယ်နှစ်ယောက်ပါလာတယ်၊ ဘယ်သူတွေပါလာတယ်ဆိုတာ အချိန်အတော်ကြာမှ သိခဲ့ရပါတယ်။
မေး။ ။ အစ်မဖြစ်သူ သေဆုံးခဲ့တယ်ဆိုတာ ဘယ်အချိန်လောက်မှ သိရလဲ။
ဖြေ။ ။ ကျွန်တော်တို့ မိသားစု လေဆိပ်အရောက်မှာ တစ်ယောက် သေဆုံးတယ်လို့ သိရတယ်။ အဲဒီ ရုပ်အလောင်းကို ဟဲဟိုးဆေးရုံမှာ ခွဲစိတ်တဲ့ အခါမှာ ၁၁ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ အစမှာ သိလိုက်ရတယ်။ ဒါနဲ့ ကျွန်တော်တို့က လေယာဉ်ပေါ်မှာ စုစုပေါင်း လူဦးရေ ၇၁ ဦးပါ လာတယ်၊ အဲဒီအထဲမှာ ကလေးတစ်ယောက်မှ မပါဘူး၊ တစ်ဦး ပျောက်နေတယ်၊ ပျောက်နေတဲ့သူက ကျွန်တော့်အစ်မ ဖြစ်နေတယ်ဆိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ထပ်ပြောတဲ့အခါ သေဆုံးတဲ့ ရုပ်အလောင်းကို တောင်ကြီးဆေးရုံမှာ ပြန်ပြီးခွဲစိတ်ခဲ့ပါတယ်၊ အဲဒီမှာ သေဆုံးသူက အမျိုးသမီးဖြစ်နေတယ်လို့ ပြန်ပြီးအတည်ပြုခဲ့ပါတယ်။ ကျွန်တော့်အစ်မ သေဆုံးသွားတယ်ဆိုတာကိုတော့ ညနေ ၅ နာရီကျော်မှပဲ အဖြေရခဲ့ပါတယ်။
မေး။ ။လေယာဉ်ပျက်ကျသွားတဲ့ ဖြစ်စဉ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်မှုအပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ။ သူတို့တွေအနေနဲ့ ကြိုးစားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ လစ်လပ်မှုတွေ၊ ကြန့်ကြာမှုတွေ ရှိခဲ့တယ်ဆိုတာကိုတော့ မြင်ခဲ့ရပါတယ်။
လေယာဉ်ပျက်ကျ၍ ကွယ်လွန်သွားသူ၏ ကိုယ်ရေးအကျဉ်း
အမည်။ မနွယ်လင်းရှိန်
အသက်။ ၃၄ နှစ်
အဘအမည်။ ဦးထွန်းရှိန်
အလုပ်အကိုင်။ စပိန်၊ ဥရောပ ဧည့်လမ်းညွှန်
အလုပ်သက်တမ်း။ ၁၀ နှစ်ဝန်းကျင်
ပညာအရည်အချင်း။ B.A English နေရပ်လိပ်စာ။ မြို့လယ်လမ်း၊ ဈေးတန်းရပ်ကွက်၊ ရပ်စောက်မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း။
လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သည့် ဧည့်လမ်းညွှန် မနွယ်လင်းရှိန်
အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
