နောက်ကွယ်ကကြိုးကိုင်သူ ထွန်းအောင်၏ သမီး မြန္ဒာအောင် လွတ်ပြီ ====== By Thaung Kwre and Oo-du Khin-sai ====== စစ်တွေ ၊ ၂၅ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [သတင်း] ====== ဘင်္ဂါလီဆူပူအကြမ်းဖက်မှုတို့အား ခေတ်အဆက်ဆက် ကြိုးကိုင်လာခဲ့သူ မောင်တောမြို့ ဒေါက်တာ ထွန်းအောင်၏ သမီး ဒေါ်မြန္ဒာအောင် နှင့် သမက် ဦးမောင်မောင်သန်းတို့မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၁) ရက်နေ့က ပြန်လည် လွတ်မြောက် လာခဲ့သည်။ ====== ဖခင်ဖြစ်သူ ဒေါက်တာထွန်းအောင်ကို ဘင်္ဂါလီဆူပူမှုဖြစ်ခါစ ၂၀၁၂ ဇွန်လ (၁၁)ရက်နေ့တွင် ၄င်းခိုလှုံနေသည့် မောင်တော UNHCR ရုံးအတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး၊ ဒေါ်မြန္ဒာအောင်ကိုမူ ရန်ကုန်သို့အသွား စစ်တွေလေဆိပ်တွင် စတင်တားဆီးမေးမြန်းကာ ၄င်း၏ခင်ပွန်းနှင့်တကွ ဇွန်လ (၁၅)ရက်နေ့မှစ၍ ရန်ကုန်မြို့တွင် ထိန်းသိမ်းခဲ့သည်။ ====== ၄င်းဇနီးမောင်နှံအား အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (ခ)၊ အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ ၅(ဃ)/၅(၃၁) တို့ အပြင် လိမ်လည်မှုပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် မင်္ဂလာတောင်ညွန့်ရဲစခန်းက တရားလိုပြု အမှုဖွင့်ခဲ့သည်။ ====== မိခင် ရှမ်းတရုတ် (အစ္စလမ်ဘာသာသို့ နောက်မှ ကူးပြောင်းဝင်ရောက်သူ) နှင့် ဖခင် ဘင်္ဂါလီမူဆလင်တို့မှ မွေးဖွားခဲ့သော မမြန္ဒာအောင်သည် ရန်ကုန် လသာ အထက(၂)မှ ဆယ်တန်းအောင်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်မှ နူကလီးယ ရူပဗေဒဖြင့် မဟာသိပ္ပံဘွဲ့ရရှိခဲ့သည်။ ====== ခိုးဝင်ဘင်္ဂါလီများအား မြန်မာနိုင်ငံသားအဖြစ်ရရှိနိုင်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် UNHCR ၏ ၀န်ထမ်းတစ်ဦးဖြစ်သူ ဒေါ်မြန္ဒာအောင်သည် နိုင်ငံမဲ့သူများ (stateless people) အရေးနှင့် ပတ်သက်၍ မလေးရှား ၊ ထိုင်း၊ ကမ္ဘောဒီယား အစရှိသည့် ပြည်ပနိုင်ငံများတွင် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့သူဖြစ်သည်။ ====== မောင်တောမြို့မှဝေးလံသောနေရာများမှ ဘင်္ဂါလီများ ကြိုတင်လာရောက် စုရုံးနေကြပြီးဖြစ်သည့်အချိန်တွင် မြန္ဒာအောင်၏ဖခင် ဒေါက်တာထွန်းအောင်က ဇွန်လ(၈)ရက် သောကြာနေ့တွင် စုပေါင်း ဗလီတက်ဝတ်ပြု ဆုတောင်းခွင့် ပြုသင့်ကြောင်း ဒေသအာဏာပိုင်များထံတောင်းဆိုခဲ့သည် ဟု ဆိုသည်။ ====== မောင်တောမြို့လယ် ဗလီတွင် ၀တ်ပြုရန်လာသူ ဘင်္ဂါလီများလျှံကျထွက်လာပြီးနောက် မောင်တောမြို့အနှံ့ နှင့် နယ်ဘက်တွင် မူဆလင်ဘာသာဝင်မဟုတ်သူ ရခိုင် ဗမာ တိုင်းရင်းသားတို့အား ဘင်္ဂါလီတို့က တစ်ပြိုင်နက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ====== ဖခင်ဖြစ်သူ နှင့် အလွန် နီးစပ်မှုရှိသူ၊ အခင်းဖြစ်သည့်နေ့ရက်များတွင် မောင်တောတွင်ရှိနေခဲ့သူ ဒေါ်မြန္ဒာအောင် သည်လည်း နောက်ကွယ်မှကြိုးကိုင်ဆောင်ရွက်မှု အခန်းကဏ္ဍများတွင် သေချာပေါက် ပါဝင် နေခဲ့နိုင် သည်ဟု စုံစမ်းစစ်ဆေးသူများက သုံးသပ်သည့်အတွက် ဒေါ်မြန္ဒာအောင်အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ဆိုကြသည်။ ====== ဤ၂၀၁၂ ဇွန်လ (၈)ရက် ချိန်သားကိုက်လုပ်ကြံမှုကြီးကဲ့သို့သော လုပ်ကြံမှုကြီးတစ်ခုလည်း ၁၉၈၈-ခုနှစ် မေလ (၁၃)ရက်နေ့တွင် မောင်တောမြို့၌ ဖြစ်ပျက်ခဲ့ရာ၊ ထိုအချိန်ကလည်း ဒေါက်တာထွန်းအောင်မှာ မောင်တော ဘင်္ဂါလီမူဆလင်များ၏ ထိပ်သီးခေါင်းဆောင်အဖြစ်ရှိနေခဲ့သည်။ ====== ထို ၁၉၈၈ မေလ(၁၃)ရက်နေ့ ဖြစ်ရပ်တွင် မောင်တောဒေသနေတိုင်ရင်းသားများမှာ ပြည်သူ့ရဲတပ်ဖွဲ့နှင့် အမှတ်(၂)လုံထိန်းတပ်ရင်းတို့၏ ခုခံမှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသော်လည်း၊ ယင်းဖြစ်ရပ် ပူပူနွေးနွေးရှိနေသေးသည့်အချိန် ၁၉၈၈ စက်တင်ဘာလ မောင်တောမြို့ပေါ်တွင်ပြုလုပ်သော ဟောပြောပွဲတစ်ခုတွင် ထိုမေလ(၁၃)ရက်ဖြစ်ရပ်မှာ မြန်မာနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီအတွက် လှုပ်ရှားမှုဖြစ်သည်ဟု ဒေါက်တာထွန်းအောင်က တစ်ပတ်ရိုက် ဟောပြောသွားခဲ့ဖူးသည်။ ====== (Coral Arakan အတွက် ဥတုခင်စိုင်း က ဓါတ်ပုံများကို စုစည်းပေးကာ သောင်းကြွယ် က ရေးသားသည်။)
from Coral Arakan News Agency
from Coral Arakan News Agency