ဆိုက်ကယ်ဖြင့် ဝင်တိုက်မိသူ လူငယ်ကို တပ်မတော်သား သုံးဦး ထိုးကြိတ်သဖြင့် သေဆုံး

ဟင်္သာတ၊ ဒီဇင်ဘာ ၂၆ ဟင်္သာတမြို့နယ် ကျုံတွမ် ကျေးရွာတွင် ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသူ အသက် ၁၆ နှစ် အရွယ် လူငယ်တစ်ဦးကို တပ်မတော်သား သုံးဦးက ထိုးကြိတ် ရိုက်နှက်သောကြောင့် ဒီဇင်ဘာလ ၂၇ ရက် ညနေ ၄နာရီတွင် သေဆုံးသွားကြောင်း သေဆုံးသူ မိသားစုဝင် ထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ သေဆုံးမှုတွင် ကျုံတွမ် ကျေးရွာ နေထိုင်သူ အသက် ၁၆ နှစ်အရွယ် မောင်သန်းထိုက်အောင်ဖြစ်ပြီး ယင်းလူငယ်မှာ ဒီဇင်ဘာလ ၁၄ ရက် ည ၈ နာရီတွင် အမှတ် (၁၈)ခြေလျင်တပ်ရင်း ရှေ့၌ လမ်းဖြတ်ကူးသူ တပ်မတော်သား တစ်ဦးကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသောကြောင့် အခြားတပ်မတော်သား သုံးဦးက ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်ကြသဖြင့် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွင် ဆေးကုရာမှ မသက်သာသဖြင့် ဒီဇင်ဘာလ ၂၆ ရက်တွင် ဟင်္သာတ ဆေးရုံမှ ရန်ကုန် ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသနေစဉ် တစ်ရက်အကြာတွင် သေဆုံးခဲ့ကြောင်း အုပ်ထိန်းသူ ဦးအောင်မင်းနိုင်က ပြောကြားသည်။ အဆိုပါ ထိုးကြိတ်သူများမှာ အမှတ်(၁၈) ခြေလျင် တပ်ရင်းတွင် တာဝန် ထမ်းဆောင်နေသည့် တပ်ကြပ်ကျော်ကျော်၊ တပ်ကြပ် လွှမ်းမိုးအောင်၊ တပ်ကြပ်ပြည့်စုံတို့ ဖြစ်ကြောင်း ဟင်္သာတမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရသည်။ ဒဏ်ရာရသူ လူငယ်၏ ဦးခေါင်းခွံနှင့် ဦးနှောက် အမြှေးကြားတွင် သွေးယိုစိမ့်မှုများ တွေ့ရှိရသဖြင့် အချိန်မီ ကုသနိုင်ရန် ရန်ကုန် ပြည်သူ့ဆေးရုံသို့ စေလွှတ်ရခြင်းဖြစ်ကြောင်း ဟင်္သာတမြို့နယ် ဆေးရုံ ဆေးရုံအုပ် ဒေါက်တာ ဦးကြည်စိုး က ပြောကြားသည်။ အဆိုပါအမှုသည် ဒီဇင်ဘာ ၁၄ ရက်နေ့ညက ဖြစ်ပွားပြီး ဒီဇင်ဘာ၂၆ ရက်နေ့တွင် လာရောက် အမှုဖွင့်ထား ကြောင်း၊ ဝိုင်းဝန်းထိုးကြိတ်သည်ဟု အစွပ်စွဲခံရသူ တပ်မတော်သား သုံးဦးကို အမှတ် (၁၈) ခြေလျင်တပ်ရင်းသို့ တရား ဝင် အကြောင်းကြားထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ အဆိုပါ တပ်မတော်သားသုံးဦး၏ ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၂၆ ရက်တွင် ရဲတပ်ဖွဲ့၏ ကြေးနန်းစာ ရောက်ရှိလာပြီး တပ်ရင်းမှူးထံ တင်ပြနေသောကြောင့် ပြစ်မှု ကျူးလွန်သည်ဟု ဆိုသော တပ်မတော်သား သုံးဦးကို အရေးယူမည့် အခြေအနေကို လတ်တလောတွင် မပြောနိုင်ကြောင်း အမှတ် (၁၈)ခြေလျင် တပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။ "အစ်ကိုတို့ ရှေ့မှာ မောင်သန်းထိုက်အောင် ကို ပြည့်စုံဆိုတဲ့ ရဲဘော်က စထိုးတာပါ။ ပြီးမှ တပ်ကြပ်ကျော်ကျော် က ဝင်ထိုး ပါတယ်။ မျက်နှာကို ခြေထောက်နဲ့ ကန်တာလည်း တွေ့တယ်" ဟု မျက်မြင်တွေ့ရှိသူ ကျေးရွာဒေသခံ ဦးအေးလွင်က ပြောကြားသည်။ သေဆုံးသူ မောင်သန်းထိုက်အောင်ကို အသက်လေးနှစ်သား အရွယ်ကတည်းက မွေးစားထားခြင်း ဖြစ်ကြောင်း ၄င်း၏ အုပ်ထိန်းသူထံမှ သိရသည်။ နေမင်းထက် အေးချမ်းမွန်မှ The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

SHARE THIS
Previous Post
Next Post