ကြိုးကိုင်သူ မောင်တော ဒေါက်တာထွန်းအောင်၏ ကွန်ရက် ကြီးမားကျယ်ပြန့်ပုံရ

By Thaung Kwre စစ်တွေ ၊ ၂၈ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်းသုံးသပ်ချက် ] ပြီးခဲ့သော ၂၀၁၂ ဇွန်လ (၈)ရက်နေ့ မောင်တောမြို့ ဘင်္ဂါလီအချိန်ကိုက် အုံကြွမှုတွင် နောက်ကွယ်က ကြိုးကိုင်သူ အဖြစ် ထောင်ဒဏ်ကျခံနေရသူ ဘင်္ဂါလီလူမျိုး ဒေါက်တာထွန်းအောင် ၏ သမီးထွေး သီရိရွှေစင်အောင် (ခေါ်) Aishah Ma နှင့် ခေတ်သစ်မူဆလင်ဝါဒီ မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာမိုဟာမက် တို့ ပူးတွဲရိုက်ကူးထားသော ဓါတ်ပုံတစ်ပုံ ပေါ်ထွက်လာရာ ဒေါက်တာထွန်းအောင်တို့မိသားစု၏ ကွန်ရက်မှာ ကြီးမားကျယ်ပြန့်စွာ ရှိနေခဲ့ ရှိနေဆဲဖြစ်ကြောင်း မှန်းဆချက်များ ပေါ်ထွက်လာကြသည်။ တရုတ်ပြည်ပေါက် မူဆလင်တစ်ဦး လက်ထပ်ကာ မလေးရှားတွင် နေထိုင်သူ သီရိရွှေစင်အောင် (၂၆-နှစ်) မှာ ပန်တနော်သူ မိခင် နှင့် မောင်တော ခိုးဝင်ဘင်္ဂါလီ ဒေါက်တာထွန်းအောင်တို့၏ အငယ်ဆုံးသမီးဖြစ်ပြီး၊ ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကြီးပြင်းခဲ့သူဖြစ်သည်။ မိခင်ဖြစ်သူ၏ လူမျိုးသွေးကို ရှမ်းလော တရုတ်လော ကရင်လော ဟု Coral Arakan က သဲသဲကွဲကွဲမသိရသေးသော်လည်း၊ မိခင်မှာ ထွန်းအောင်ကို ရခိုင်လူမျိုးဆိုပြီး ချစ်ကြိုက်ညားခဲ့ ပြီးမှ ဘင်္ဂါလီမှန်း မူဆလင်မှန်း သိရခြင်းဖြစ်သည် ဟု တချို့က ဆိုကြသည်။ လက်ထပ်ပြီးနောက်ပိုင်းတွင် မူဆလင်ဘာသာသို့ ကူးပြောင်းဝင်ရောက်သွားခဲ့သည် ဟု ဆိုသည်။ သီရိမှာ ၄င်း၏ မူဆလင်ကွန်ရက်မှ တစ်ဆင့် ဖခင်လွတ်မြောက်နိုင်ရေးအတွက် ကြိုးပမ်းနေခဲ့ပြီး၊ တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့တွင် ကျင်းပခဲ့သော ကွန်ဖရင့် တစ်ခုတွင် ၄င်း၏ ဖခင် ဒေါက်တာထွန်းအောင်ကို မီဒီယာတွင် ပြောဆိုနိုင်ခြင်းမရှိအောင် မြန်မာအစိုးရက သက်သက်မဲ့ ရမယ်ရှာကာ ဖမ်းဆီးခြင်းဖြစ်သည်ဟု တက်ရောက်သူများအား တင်ပြပြောဆိုခဲ့သည်။ သို့ရာတွင် တစ်ဘက်က ထွန်းအောင်၏ မိသားစုက ထွန်းအောင်မှာ ကျန်းမာရေး အလွန်အမင်း ချို့တဲ့နေပြီ ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ထံ ထွန်းအောင်(၆၅-နှစ်)အား လွှတ်ပေးရန် အသနားခံစာတင်ပြထားကြသည် ဟု ဆိုသည်။ ဒေါက်တာထွန်းအောင် လွတ်မြောက်ရေးအတွက် မူဆလင်ကမ္ဘာ၊ OIC ၊ ယူအန် ၊ အန်ဂျီအိုများ၊ မီဒီယာ စသည့်အင်အားများအားလုံးကို တွဲလက်ချိတ်ကာကြိုးပမ်းသင့်ကြောင်းကို အစ္စတန်ဘူးလ် ကွန်ဖရင့်စ်တွင် သီရိ က တင်ပြခဲ့သည်။ ၄င်း၏ အစ်မ မြန္ဒာအောင် နှင့် ခဲအို မောင်မောင်သန်းတို့မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၁)ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဖခင်ဖြစ်သူ ဒေါက်တာထွန်းအောင်ကို ဘင်္ဂါလီဆူပူမှုဖြစ်ခါစ ၂၀၁၂ ဇွန်လ (၁၁)ရက်နေ့တွင် ၄င်းခိုလှုံနေသည့် မောင်တော UNHCR ရုံးအတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး၊ ဒေါ်မြန္ဒာအောင်ကိုမူ ရန်ကုန်သို့အသွား စစ်တွေလေဆိပ်တွင် စတင်တားဆီးမေးမြန်းကာ ၄င်း၏ခင်ပွန်းနှင့်တကွ ဇွန်လ (၁၅)ရက်နေ့မှစ၍ ရန်ကုန်မြို့တွင် ထိန်းသိမ်းခဲ့သည်။ မြန္ဒာအောင်တို့ ဇနီးမောင်နှံအား အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (ခ)၊ အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ ၅(ဃ)/၅(၃၁) တို့ အပြင် လိမ်လည်မှုပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် မင်္ဂလာတောင်ညွန့်ရဲစခန်းက တရားလိုပြု အမှုဖွင့်ခဲ့သည်။ ခိုးဝင်ဘင်္ဂါလီများအား မြန်မာနိုင်ငံသားအဖြစ်ရရှိနိုင်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် UNHCR ၏ ၀န်ထမ်းတစ်ဦးဖြစ်သူ ဒေါ်မြန္ဒာအောင်သည် နိုင်ငံမဲ့သူများ (stateless people) အရေးနှင့် ပတ်သက်၍ မလေးရှား ၊ ထိုင်း၊ ကမ္ဘောဒီယား အစရှိသည့် ပြည်ပနိုင်ငံများတွင် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့သူဖြစ်သည်။ ၂၀၁၂ ဇွန်လ ဘင်္ဂါလီဆူပူမှု ဖြစ်ခါနီးဆဲဆဲ မောင်တောမြို့မှဝေးလံသောနေရာများမှ ဘင်္ဂါလီများ ကြိုတင်လာရောက် စုရုံးနေကြပြီးဖြစ်သည့်အချိန်တွင် ဒေါက်တာထွန်းအောင်က ဇွန်လ(၈)ရက် သောကြာနေ့တွင် စုပေါင်း ဗလီတက်ဝတ်ပြု ဆုတောင်းခွင့် ပြုပေးသင့်ကြောင်း ဒေသအာဏာပိုင်များထံတောင်းဆိုခဲ့သည် ဟု ဆိုသည်။ ထို့နေ့ နေ့လယ် မောင်တောမြို့လယ် ဗလီတွင် ၀တ်ပြုရန်လာသူ ဘင်္ဂါလီများလျှံကျထွက်လာပြီးနောက် မောင်တောမြို့အနှံ့ နှင့် နယ်ဘက်တွင် မူဆလင်ဘာသာဝင်မဟုတ်သူ ရခိုင် ဗမာ တိုင်းရင်းသားတို့အား ဘင်္ဂါလီတို့က တစ်ပြိုင်နက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ဖခင်ဖြစ်သူ နှင့် အလွန် နီးစပ်မှုရှိသူ၊ အခင်းဖြစ်သည့်နေ့ရက်များ တွင် မောင်တောတွင်ရှိနေခဲ့သူ ဒေါ်မြန္ဒာအောင် သည်လည်း နောက်ကွယ်မှကြိုးကိုင်ဆောင်ရွက်မှု အခန်းကဏ္ဍများတွင် သေချာပေါက် ပါဝင် နေခဲ့နိုင် သည်ဟု စုံစမ်းစစ်ဆေးသူများက သုံးသပ်သည့်အတွက် ဒေါ်မြန္ဒာအောင်အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ဆိုကြသည်။ ထို့အပြင် ဤ၂၀၁၂ ဇွန်လ (၈)ရက် ချိန်သားကိုက်လုပ်ကြံမှုကြီးကဲ့သို့သော အလားတူ လုပ်ကြံမှုကြီး တစ်ခုလည်း ၁၉၈၈-ခုနှစ် မေလ (၁၃)ရက်နေ့တွင် မောင်တောမြို့၌ ဖြစ်ပျက်ခဲ့ရာ၊ ထိုအချိန်ကလည်း ဒေါက်တာထွန်းအောင်မှာ မောင်တော ဘင်္ဂါလီမူဆလင်များ၏ ထိပ်သီးခေါင်းဆောင်အဖြစ်ရှိနေခဲ့သည်။ ထို ၁၉၈၈ မေလ(၁၃)ရက်နေ့ ဖြစ်ရပ်တွင် မောင်တောဒေသနေတိုင်ရင်းသားများမှာ ပြည်သူ့ရဲတပ်ဖွဲ့နှင့် အမှတ်(၂)လုံထိန်းတပ်ရင်းတို့၏ ခုခံမှုကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသော်လည်း၊ ယင်းဖြစ်ရပ် ပူပူနွေးနွေးရှိနေသေးသည့်အချိန် ၁၉၈၈ စက်တင်ဘာလ မောင်တောမြို့ပေါ်တွင်ပြုလုပ်သော ဒီမိုကရေစီ လူထုဟောပြောပွဲတစ်ခုတွင် ထိုမေလ(၁၃)ရက်ဖြစ်ရပ်မှာ မြန်မာနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီအတွက် လှုပ်ရှားမှုဖြစ်သည်ဟု ဒေါက်တာထွန်းအောင်က တစ်ပတ်ရိုက် ဟောပြောသွားခဲ့ဖူးသည်။ (Coral Arakan အတွက် ဥတုခင်စိုင်း က ဓါတ်ပုံများကို စုစည်းပေးကာ သောင်းကြွယ် က ရေးသားသည်။) Share

SHARE THIS
Previous Post
Next Post