ရန်ကုန်၊ဇန်န၀ါရီ-၃
လူမှုရေးနှင့် စိတ်ပညာဆောင်းပါးများ တစ်စိုက်မတ်မတ် ရေးသားထုတ်ဝေခဲ့သူ
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဆရာကြီး
ဒေါက်တာကျော်စိန်သည် ဇန်န၀ါရီ ၂ ရက် နံနက်ပိုင်းတွင် SSC အထူးကုဆေးရုံ၌
နာတာရှည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ဆရာကြီး၏
မြေးဖြစ်သူကပြောသည်။
အသက်
၈၁ နှစ်အရွယ် ဒေါက်တာကျော်စိန်မှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလကတည်းက နေအိမ်တွင်
ချော်လဲရာမှတစ်ဆင့် ဆေးဝါးကုသမှုခံယူခဲ့ရာ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့်  သောက်သုံးရသည့် ဆေးဝါးများနှင့် ဓာတ်မတည့်မှု ဝေဒနာကိုပါ ထပ်မံခံစားခဲ့ရကြောင်း ဆရာကြီး၏ မြေးဖြစ်သူကပြောသည်။
ဒေါက်တာကျော်စိန်သည် ၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စိတ်ပညာအဓိကဖြင့်
မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊
နယူးယောက်မြို့၊ ကိုလံဘီယာတက္ကသိုလ်တွင် စိတ်ပညာပါရဂူဘွဲ့ ရရှိခဲ့သည်။ ၁၉၅၄
ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန၌ နည်းပြ၊ ၁၉၅၇ တွင် လက်ထောက်ကထိက၊
၁၉၆၇ တွင် ကထိက၊ ၁၉၇၇ တွင် ပါမောက္ခနှင့် ၁၉၈၃ တွင် ရန်ကုန်တက္ကသိုလ်
ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၅ တွင် မန္တလေးတက္ကသိုလ်
ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန
ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
ကျောင်းသုံးစာအုပ်များအဖြစ်
ခေတ်သစ်စိတ်ပညာ၊ ဆက်ဆံရေးစိတ်ပညာ၊ စိတ်ပညာဂိုဏ်းကွဲများ၊
အထွေထွေစိတ်ပညာတို့ကို ရေးသားပြုစုခဲ့သည်။ ၁၉၉၄ ခုနှစ်တွင်
“ဇော်ဋီကာ”စာအုပ်ဖြင့် စာပေဗိမာန်ပထမဆု၊ ၂၀၀၈ တွင် ပခုက္ကူဦးအုန်းဖေ
စာပေတစ်သက်တာဆုနှင့် မကွယ်လွန်မီ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အမျိုးသားစာပေ
တစ်သက်တာဆုရှင်အဖြစ် ချီးမြှင့်ခံခဲ့ရသည်။
ကွယ်လွန်သူ
ဒေါက်တာဦးကျော်စိန်ကို ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေး)နေ့ မွန်းတည့် ၁၂
နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။
7Day News Journal
SHARE THIS