မသန်စွမ်း အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် ခံရ



ရန်ကုန်၊ ဇန်နဝါရီ ၁၆

တောင်ဒဂုံမြို့နယ်အတွင်းတွင် ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းက အသက် ၁၂ နှစ်အရွယ် မသန်စွမ်း အမျိုးသမီးငယ်တဦး ဓမ္မတာအတိုင်းမဟုတ်သည့်အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ရွှေမင်းသား
ဖောင်ဒေးရှင်း (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့ ( ခရစ်စမတ်နေ့ ) ညနေ ၄ နာရီခွဲခန့်က ယင်းအမျိုးသမီးငယ်သည် မိဘများ အပြင်သွားနေခိုက် အိမ်တွင် အစ်မ တစ်ဝမ်းကွဲနှင့် အတူရှိစဉ် ပြစ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူ အိမ်နီးနားချင်း ဖြိုးဝေ (၂၈နှစ် ) လည်း ရှိနေကြောင်း၊ယင်းအချိန်တွင် ဖြိုးဝေက အစ်မဖြစ်သူအား အပြင်သို့ ဓာတ်ခဲသွားဝယ်ရန် ခိုင်းစေခဲ့ကြောင်း အစ်မဖြစ်သူက ဓာတ်ခဲသွားမဝယ်သေးဘဲ ရေအိမ်သို့ သွားပြီး အပြန်တွင် မသန်စွမ်း မိန်းကလေးအားအဓမ္မပြုကျင့် သည်ကို တွေ့မြင်ခဲ့ရကြောင်း ၎င်း၏ မိခင်က ပြောပြသည်။

အဆိုပါ အဓမ္မ ပြုကျင့်ခံရသူ မိန်းကလေးသည် ယမန်နှစ်ကမှ သူငယ်တန်းသို့ တက်ရောက် ပညာ သင်ကြားခဲ့သူဖြစ်ပြီး သူငယ်နာ အကြောတင်းရောဂါ ( အောက်ပိုင်းသေ ရောဂါ) ရှိနေသူဖြစ်ပြီး သင်္ဃန်းကျွန်း မြို့နယ် စံပြဆေးရုံမှ ဆေးစစ်ချက်များလည်း ရရှိခဲ့ပြီးဖြစ်ကြောင်း ၎င်း၏ မိခင်ဖြစ်သူက ရှင်းပြသည်။

မတရား ပြုကျင့်ခံခဲ့ရသော မသန်စွမ်းသူများတွင် အများအားဖြင့် စကားမပြောဆို နိုင်သည့် ဆွံ့အ နားမကြား မိန်းကလေးများ အများဆုံး ပါဝင်ခဲ့ပြီး ၎င်းတို့သည် ကိုယ်ကာယအားဖြင့် သာမန် မိန်းကလေးကဲ့သို့ပင် စွဲမက်ဖွယ် ရှိသော ကိုယ်ကာယကို ပိုင်ဆိုင်သော အခြေအနေ ရှိနိုင်မည်ဖြစ်ကြောင်း ဦးမြတ်သူဝင်းက သုံးသပ် ပြောဆိုသည်။

အဆိုပါဖြစ်ရပ်မျိုး မဖြစ်ပေါ်ရန်နှင့် ဖြစ်ပေါ်လာပါက အများပြည်သူမှ ကာကွယ် စောင့်ရှောက်၍ နိုင်ငံတော်မှ မသန်စွမ်းသူများ အတွက် ပိုမိုလုံခြုံ ထိရောက်သည့် ဥပဒေများဖြင့် ကာကွယ်နိုင်ရန် လိုအပ်ပြီး မသန်စွမ်း သူများသည် မကြာခဏ နည်းအမျိုးမျိုးဖြင့် ခွဲခြား ဆက်ဆံခံနေ ရသော်လည်း ဥပဒေကြောင်းအရ ထိရောက်သော အကာအကွယ် ပေးမှု မရှိသေးကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောကြားသည်။

မသန်စွမ်းသူများအတွက်အစိုးရကအာမခံချက် ပေးနိုင်ရန်နှင့် ပြည်သူ့လွှတ်တော် အနေဖြင့်လည်း ၎င်းတို့ အတွက် အာမခံချက်ပေး နိုင်မည့် ဥပဒေများကို ထုတ်ပြန် ပေးရန် တိုက်တွန်း ကြောင်း ရှေ့နေများ ကွန်ယက်မှ ဦးအောင်သိန်းက အကြံပြု ပြောကြားသည်။

တောင်ဒဂုံ ရဲစခန်းက ပြစ်မှုကျုးလွန်သူကို ပုဒ်မ ၃၇၆/ ၅၁၁၊ ပြစ်မှုအမှတ် ပ/ ၁၃၃၁/၂၀၁၂ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျှက် ရှိနေကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြန်လည် ဖြေကြားသည်။

The Voice Weekly

SHARE THIS
Previous Post
Next Post