မြင်းလှည်းနှင့်ဆိုက်ကားဆရာများကို ဧည့်လမ်းညွှန်အဖြစ် အသုံးပြုမှုများ ရှိနေသည့် ပုဂံဒေသ



ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဧည့်လမ်းညွှန်မလုံလောက်မကြောင့် ဒေသခံမြင်းလှည်းနှင့် ဆိုက်ကားဆရာများအား ဧည့်လမ်းညွှန်အဖြစ် အသုံးပြုနေရကြောင်း ဒေသခံများထံက သိရသည်။
 
ပုဂံမှာဒေသခံဧည့်လမ်းညွှန်က(၁၃၅)ယောက်ပဲရှိပါတယ်၊ အခုလိုဧည့်သည်တွေ အ၀င်များလာတော့ ဧည့်လမ်းညွှန် မလုံလောက်မှုတွေ ရှိလာတယ်ဟု ပုဂံဒေသတွင်းဧည့်လမ်းညွှန် ဥက္ကဌ ဦးဇော်ဝင်းချို က ပြောသည်။
 
ယင်းကဲ့သို ဧည့်လမ်းညွှန်မလုံလောက်မှုကြောင့် နိုင်ငံခြားဘာသာစကားတက်ကျွမ်းစွာ ပြောဆို တတ်သော ဒေသခံများကို ခေါ်ယူအသုံးပြုနေရကြောင်း ၄င်းက ဆက်ပြောဆိုသည်။
 
ဧည့်သည်တွေက ၂၀၁၃ခုနှစ် နှစ်စမှာတောင်  တော်တော်လေး ၀င်ရောက်နေတယ်၊ ပြီးခဲ့တဲ့ လတွေကလည်း လာပါတယ်၊ အခုကပိုပြီးတော့ ပိုပြီးများလာတာပေါ့၊ ဒီမှာ ဧည့်လမ်းညွှန် မလုံလောက်မှုတွေနဲ့ ဟိုတယ်မလုံလောက်မှုတွေ ရှိနေပါတယ်ဟု ပုဂံရှေးဟောင်းဦးစီးဌာမှ ဦးနိုင်ဝင်းက ပြောသည်။
 
လက်ရှိတွင် အဆိုပါဒေသသို့ နေ့စဉ်ကမ္ဘာလှည့်ခရီးသည် (၁)ထောင်ကျော်ဝင်ရောက်လျက်ရှိပြီး ဧည့်လမ်းညွှန်မလုံလောက်မူ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ပုဂံဧည့်လမ်းညွှန်များအသင်းမှ သိရသည်။
 
"တစ်ချို့ ဒေသခံတွေဆို ဘာသာစကားလည်း ကျွမ်းကျင်၊ ဒေသအကြောင်း နားလည်တဲ့သူတွေ အများကြီးရှိပါတယ်။ ဧည့်လမ်းညွှန်ကဒ် မရှိတာပဲရှိတယ်။ အချို့ဧည့်လမ်းညွှန်တွေက ခရီးသည် အတွက် စိတ်အနှောင့်အယှက် ဖြစ်စေတာတွေရှိတယ်။ အဲ့ဒီလိုဆို ဒေသစီးပွားရေးအတွက် ထိခိုက်မှု တွေ ရှိလာနိုင်တယ်"ဟု ညောင်ဦးမှ ဒေသခံဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။
 
မြန်မာနိုင်ငံတွင်း ဧည့်လမ်းညွှန်လူဦးရေ(၇၀၀၀)ထောင် ၀န်းကျင်စာရင်းရှိသည့်အနက် လုပ်ငန်းအတွင်း ၀င်ရောက် လုပ်ကိုင်နေသူ (၂၀၀၀)ကျော်သာရှိကြောင်း သိရသည်။
 
ပုဂံဒေသ၌ ဧည့်လမ်းညွှန်(၁၃၅)ဦးသာ ရှိကြောင်း ပုဂံဧည့်လမ်းညွှန်အသင်းမှ သိရသည်။
ငြိမ်းချမ်း (မြစ်မခ)
by Myit Makha Mediagroup on 7 Jan, 2013

SHARE THIS
Previous Post
Next Post