စစ်တွေတွင် မီးရထားလမ်း ဇလီဖားတုံး သိန်း ၄၀၀ ကျော်ဖိုး အခိုးခံရ

မောင်အေး ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ အစိုးပိုင် မီးရထား ဇလီဖားတုံး သိန်းပေါင်း ၄၀၀ ကျော်ဖိုး အခိုး ခံခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ ဇွန်လ ဆူပူမူ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ စစ်တွေနဲ့ ရေချမ်းပြင် အကြား ရထားပြေးဆွဲနေတာကို ရပ်နားထားလိုက်ရတဲ့ နောက်ပိုင်းမှာ ရထားလမ်းမှာ ခင်းထားတဲ့ ဇလီဖားတုံးတွေ အခိုးခံရတာ ဖြစ်တယ်လို့ ဒေသ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အငယ်တန်း အင်ဂျင်နီယာ တစ်ဦး ဖြစ်တဲ့ ဦးနေလင်းအောင် အပါအ၀င် အမှတ်(၁) ရဲစခန်းက တာဝန်ရှိသူတွေဟာ ဒီဇင်္ဘာလ နောက်ဆုံး အပတ်က စစ်တွေနဲ့ ရေချမ်းပြင်ရထားလမ်းကို စစ်ဆေးတဲ့ အခါ အခုလို ရထားလမ်း ဇလီဖားတုံးတွေ ပျောက်ဆုံးနေတာကို တွေ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးနေတဲ့ ဇလီဖားတုံးတွေကတော့ ရေချမ်းပြင် ဘူတာမှာ စုပုံထားသော ဇလီဖားတုံး ၉၇ တုံး အပါအ၀င် စစ်တွေနဲ့ ရေချမ်းပြင် ရထား လမ်းပိုင်း တစ်လျှောက်မှာ ရှိတဲ့ ဇလီဖားတုံး ၄၄၈၈ တုံး ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ဇလီဖားတုံး ၄၄၈၈ ရဲ့ ကာလတန်ဖိုးဟာ ငွေကျပ် ၃၅၁၉၉ဝ၄၅ ရှိတယ်လို့ ပြောပါတယ်။ အဲသလို ဇလီဖားတုံးတွေနဲ့ အတူ ဇလီဖားတုံးရိုက် သံမှို ၁၇၉၅၂ ချောင်း (ကာလ တန်ဖိုးအားဖြင့် ဆိုရင်) ငွေကျပ် ၅ဝ၂၆၅၆၀ ဖိုးလည်း အခိုးခံရတယ်လို့ ဆိုပါတယ်။ စုစုပေါင်း ကျပ်ငွေ သိန်းပေါင်း ၄၀၂ ကျော်ဖိုး အခိုးခံရတယ်လို့ စစ်တွေ အမှတ် (၁) ရဲစခန်းမှာ သက်ဆိုင်ရာက တိုင်ချက်ဖွင့်တယ်လို့ ဆိုပါတယ်။ စစ်တွေ အမှတ် (၁)ရဲစခန်းကတော့ ပြစ်မူ အမှတ် (ပ) ၄ဝ၇/ ၂ဝ၁၂ ပြည်သူပိုင် အက်ဥပဒေ ပုဒ်မ ၆(၁)အရ အမှုကို လက်ခံထားတယ်လို့ သိရပါတယ်။ သူခိုးတွေ ဖမ်းဆီးရမိတာ ရှိမရှိနဲ့ အမူရဲ့ အသေးစိတ် အခြေအနေတွေကို သိရှိနိုင်အောင် နိရဉ္စရာက စစ်တွေ အမှတ် (၁) ရဲစခန်းကို ဖုံးနဲ့ ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ တာဝန်ကျ ရဲအရာရှိက ဘာမှ ပြန်မပြောဘဲ ဖုံးချသွားပါတယ်။ စစ်တွေ- ရေချမ်းပြင် ရထားလမ်း ( ဓါတ်ပုံ- နိရဉ္စရာ) အေးချမ်းမွန်မှ Narinjara News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post