သင်္ကန်းကျွန်းမြို့နယ် င/ခ ရပ်ကွက်ရှိ ပရိဘောဂ ပစ္စည်းများ ပြုလုပ်ထားသိုသည့် ဂိုဒေါင်တွင် မီးလောင်မှု ဖြစ်ပွား

Friday, 25 January 2013
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ င/ခ ရပ်ကွက်၊ သင်္ကန်းကျွန်း ဘူတာလမ်းပေါ်ရှိ ပရိဘောဂ ပစ္စည်းများ ပြုလုပ်ထားသိုသည့် ဂိုဒေါင်တစ်ခုတွင် မီးလောင်မှု ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မီးလောင်မှုသည် ဂိုဒေါင်တစ်ခုတည်းသို့ လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မည်သည့် အကြောင်းရင်းကြောင့် မီးလောင်ကျွမ်းသည် ဆိုသည်ကိုမူ မသိရှိရသေးပေ။

“ပရိဘောဂ ပစ္စည်းတွေ ပြုလုပ်ထားသိုတဲ့ နေရာဆိုတော့ သစ်တွေရှိတယ်။ အဲဒီတော့ မီးလောင်လို့ ကောင်းသွားတာပါ။ နံနက် ၄ နာရီ လောက်မှာ မီးငြိမ်းအောင် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ် ၃၀ စီး လာရောက် မီးငြိမ်းသတ်ခဲ့ကြောင်း၊ လူနေထူထပ်ပြီး အိမ်ခြေစိပ်သည့် နေရာတွင် မီးလောင်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင် နေထိုင်သူများ များစွာ စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့ရသည်။

“မီးက ၃ နာရီ မထိုးခင် လောက်ကတည်းက လောင်တယ်လို့ ယူဆပါတယ်။ လူတွေအိပ်ချိန်လည်း ဖြစ်တာကြောင့် မသိကြဘူး။ သိတဲ့အချိန်မှာ မီးက တော်တော်ကို လောင်နေပြီ။ မီးသတ်ကားကလည်း လာတာ တော်တော်ကို နောက်ကျပါတယ်။ ပြီးတော့ လောင်တဲ့နေရာကလည်း သစ်တွေ စုဆောင်းထားတဲ့ ဂိုဒေါင်ဖြစ်ပြီး ကျွန်တော်တို့ရပ်ကွက်က အိမ်ခြေစိပ်တဲ့အတွက် တော်တော်လေးကို စိုးရိမ်ခဲ့ရပါတယ်” ဟု မီးလောင်မှု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။
မှ Eleven Media Group


SHARE THIS
Previous Post
Next Post