ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မီးသတ်ယာဉ် လေးစီး ပေးအပ် လှူဒါန်းပွဲ တက်ရောက် ချီးမြှင့်


ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက် Sky Net ရုပ်သံလိုင်းက ပြည်ထဲရေး ဝန်ကြီးဌာန မီးသတ် ဦးစီး ဌာနသို့ မီးသတ်ယာဉ် လေးစီး ပေးအပ် လှူဒါန်းပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မီးသတ် ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် ချီးမြှင့်သည်။

အဆိုပါ အခမ်း အနားသို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ အလှူရှင် မိသားစုနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

အခမ်း အနားတွင် ဒုတိယ သမ္မတက အမှာစကား ပြောကြားရာ၌ ရွှေသံလွင် မီဒီယာ ကုမ္ပဏီ အနေဖြင့် ဂျပန်၊ ကိုရီးယားနှင့် တရုတ် နိုင်ငံတို့က ထုတ်လုပ်သည့် မီးသတ်ယာဉ် အစီး ၃ဝနှင့် လူနာတင် ယာဉ်အစီး ၃ဝ လှူဒါန်းရန် စီစဉ် ထားသည့် အနက် ယခု မီးသတ်ယာဉ် လေးစီးကို မီးသတ် ဦးစီးဌာနသို့ ပေး အပ်လှူ ဒါန်းသည့် အတွက် ဝမ်းမြောက် ဂုဏ်ယူ ပါကြောင်း၊ ယခင်နှစ် ရှမ်းပြည်နယ် မြောက်ပိုင်း ခရီးစဉ် သွားရောက် ခဲ့စဉ်က ရပ်ရွာ ပြည်သူ လူထု၏ တင်ပြ တောင်းခံချက်၊ နိုင်ငံတော်၏ တိုက်တွန်းချက်နှင့် ရွှေသံလွင် မီဒီယာ ကုမ္ပဏီက ကုသိုလ်ပြု လှူဒါန်း ပေးသည့် အတွက် ယခု အခမ်းအနား အကောင်အထည် ပေါ်လာခြင်း ပင် ဖြစ်ပါကြောင်း၊

၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံ တစ်ဝန်းလုံးတွင် မီးလောင်မှု အကြိမ်ပေါင်း ၁၂ဝဝကျော် ဖြစ်ပွားခဲ့ပြီး ယင်းမီး လောင် မှုကြောင့် အိမ်ခြေ အဆောက် အအုံပေါင်း ၁၅ဝဝဝ ကျော် မီးဘေး သင့်ခဲ့ပြီး လူဦးရေ ၇၅ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ခန့်မှန်း တန်ဖိုး ငွေကျပ် ၁ဝ ဒသမ ၇ ဘီလီယံကျော် ဆုံးရှုံး ခဲ့သည်ဟု သိရှိ ရပါကြောင်း၊ မီးသတ် တပ်ဖွဲ့ဝင် များသည် မီးဘေး သာမက ပြည်သူများ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေး အန္တရာယ် များ ကြုံတွေ့ ရသည့် အခါ တိုင်း ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက် ပေးခဲ့သည့် မွန်မြတ်သည့် အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ပါကြောင်း၊ မီးသတ်ယာဉ်များ ဝယ်ယူ အစားထိုးရာ တွင် နိုင်ငံတော်၏ ခွင့်ပြု ဘဏ္ဍာ ငွေဖြင့် ဖြည့် တင်းခြင်း၊ ပြည်တွင်း ပြည်ပ အလှူ ရှင်များက စေတနာဖြင့် ဖြည့်တင်း ပေးခြင်း၊ ရပ်ရွာဒေသက ကိုယ့်အား ကိုယ်ကိုး နည်းလမ်းဖြင့် ဖြည့်တင်းခြင်း၊ မီးသတ် ဦးစီးဌာနက တီထွင် ထုတ်လုပ် ဖြည့် တင်းခြင်း၊ ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့များက ဖြည့်တင်းခြင်း ဟူသည့် နည်းလမ်း (၅)သွယ်ဖြင့် အစားထိုး ပေးလျက် ရှိပါကြောင်း၊ ယနေ့ ကျင်းပသည့် အခမ်း အနားမှာ နည်းလမ်း (၅)သွယ် အနက် တစ်ခုဖြစ်သည့် ပြည်တွင်းမှ အလှူရှင် ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက်က ဂျပန်နိုင်ငံ ထုတ် မီးသတ်ယာဉ် လေးစီး လှူဒါန်းမည် ဖြစ်၍ နိုင်ငံတော် ကိုယ်စား အထူး ကျေးဇူးတင် ဝမ်းမြောက် ပါကြောင်း နှင့် နောင်ဆက်လက် လှူဒါန်း နိုင်ပါစေဟု ဆန္ဒပြု ပါကြောင်း၊ ဤမီးသတ် ယာဉ်များ လှူဒါန်းရခြင်း ကြောင့် ပြည်သူ လူထု၏ အပူမီးကို ငြိမ်းအေး စေနိုင် သကဲ့သို့ လှူဒါန်းသူ အလှူရှင် မိသားစုနှင့် ဖြစ်မြောက်အောင် ဆောင်ရွက် ပေးသည့် တာဝန်ရှိ သူများ အားလုံး သည်လည်း ညီမျှသော အကျိုးရလဒ်ကို ခံစား ရမည် ဖြစ်သည့် အပြင် အများ ပြည်သူ၏ ကောင်းမွန်သည့် မေတ္တာ ပို့သမှု ကိုလည်း အစဉ် အမြဲရရှိ နေမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အလှူရှင် ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဦးကျော်ဝင်းက လှူဒါန်းရခြင်း အကြောင်း ကို ရှင်းလင်း ပြောကြားပြီး မီးသတ်ယာဉ်များ နှင့်ပတ်သက်သည့် စာရွက်စာတမ်း များကို ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုထံ ပေးအပ် လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့် လှူဒါန်း မီးသတ်ယာဉ် လက်ခံ ရရှိသည့် ဒေသများ၏ ကိုယ်စား လားရှိုး မြို့နယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကြူ တို့က ကျေးဇူးတင် စကား ပြန် လည် ပြောကြားကြပြီး အခမ်း အနားကို ရုပ်သိမ်း လိုက်သည်။

အခမ်းအနား အပြီးတွင် ဒုတိယ သမ္မတသည် တက်ရောက် လာသူများနှင့် အလှူရှင် တို့နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ပြီး လှူဒါန်းသည့် မီးသတ်ယာဉ် များကို လှည့်လည် ကြည့်ရှုကာ အဆိုပါ မီးသတ် ယာဉ် များ၏ ရေပက် စွမ်းအား သရုပ် ပြသမှုကို ကြည့်ရှု အားပေးခဲ့သည်။

ယခု ပေးအပ် လှူဒါန်းသည့် မီးသတ် ယာဉ်များကို ရှမ်းပြည်နယ် ကျောက်မဲမြို့၊ တန့်ယန်းမြို့နှင့် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ အုပ်စုတို့တွင် တစ်စီးစီနှင့် ရန်ကုန်တိုင်း ဒေသကြီး အရန် မီးသတ် တပ်ဖွဲ့ အတွက် တစ်စီး ခွဲဝေ ချထားပေးမည် ဖြစ်သည်။

မြန်မာ နိုင်ငံတွင် နှစ်စဉ် ဖြစ်ပွားလျက် ရှိသည့် ဘေးအန္တရာယ် များအနက် မီးဘေး အန္တရာယ်မှာ ၇ဝ ရာခိုင်နှုန်း အထိ ဖြစ်ပွားလျက် ရှိသည်။ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ၁၂ နှစ်တာ ကာလ အတွင်း နိုင်ငံ တစ်ဝန်းလုံးတွင် မီးလောင်မှု အကြိမ်ပေါင်း ၁ဝ၆၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ငွေကျပ် သန်းပေါင်း ၆၁ဝ၈ဝ ဒသမ ၂၁ သန်းခန့် ဆုံးရှုံးခဲ့ရာ တစ်နှစ် ပျမ်းမျှ မီးလောင်မှု ၈၈၄ ဒသမ ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ငွေကျပ် ၅ဝ၉ဝ သန်းခန့် ဆုံးရှုံးလျက် ရှိသည်။

မီးဘေး လုံခြုံရေး အတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ မီးသတ်စခန်း ၃၄၉ ခုတွင် မီးသတ်ယာဉ်/ စက် ၂၃၃၇ စီးကို ဖြန့်ခွဲ ချထားလျက် ရှိသည်။ လက်ရှိ အချိန်တွင် မီးသတ် တပ်ဖွဲ့ကို နိုင်ငံတကာ အဆင့်မီ ရေးနှင့် နယ်မြေ ဒေသနှင့် လိုက်လျောညီထွေ ဖြစ်ရေးဟူသည့် ရည်မှန်းချက် နှစ်ရပ်ဖြင့် ခေတ်မီ မီးသတ် တပ်ဖွဲ့ တစ်ခု ဖြစ်အောင် တိုးချဲ့ ဖွဲ့စည်းလျက် ရှိသည်။ ယင်းသို့ ဖွဲ့စည်း ဆောင်ရွက်ရာတွင် ပြည်သူကို ဗဟိုပြုသော မီးသတ် တပ်ဖွဲ့ဖြစ်ရေး အတွက် ဦးတည် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

http://www.myawady.net.mm/allnews/headline/item/4522-2013-01-16-11-39-25

SHARE THIS
Previous Post
Next Post