ရသေ့တောင်မြို့ တွင် စေတီတောင်ဘုရားပွဲကျင်းပလျှက်ရှိ-

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ တွင် မြို့ ၏ ကျက်သရေဆောင် စေတီတောင်(ရသေ့တောင်စေတီ)ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော် ကို ၁၃၇၄-ခုနှစ် နတ်တော်လပြည့်နေ့ မှ နတ်တော်လဆုတ် (၄)နေ့ ထိ (၂၈-၁၂-၁၂မှ ၁-၁-၁၃ထိ) ၅-ရက် တိုင်တိုင် ကျင်းပပြုလုပ်လျှက် ရှိသည်။ စေတီတောင်(ရသေ့တောင်စေတီ)ဘုရား ဗုဒ္ဓ ပူဇနိယဘုရားပွဲတော်ကို ရသေ့တောင်မြို့  စေတီယင်္ဂဏဝေယျာ ၀စ္စအဖွဲ့ ဦးစီးမှ နှစ်စဉ် နှစ်တိုင်း အစဉ်အလာ မပျက် ပြု လုပ်ကျင်းပလျှက်ရှိသည်။ စေတီတောင်(ရသေ့တောင်စေတီ)ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော်သည် ဓမ္မသဘင်ပွဲ၊ ၀င်္ကဘာပွဲ၊ ကျင်ပွဲ၊ လွန်ဆွဲပွဲ၊ ချောတိုင်တက်ပွဲ၊ ခေါင်းအုံးသတ်ပွဲနှင့် ဇာတ်ပွဲများဖြင့် ဒေသတွင် သိုက်မြိုက်စည်ကားသော ဘုရားပွဲ တစ်ဖြစ်သည်။ သို့ ရာတွင် လွန်ခဲ့ (၄)နှစ်ခန့် မှစ၍ တေးဆိုပြိုင်ပွဲ (ရခိုင်တေး၊ ဗမာတေး)နှင့် နတ်ပွဲများကိုပါ အစားထိုး ကျင်းပလာခဲ့ကြသည်။ တေးဆိုပြိုင်ပွဲသည် ဒေသတွင်းမှ လူငယ်များကို မြေတောင်မြောက်ပေးသော အစီအစဉ်ကောင်းတစ်ခုဖြစ်သော် လည်း ဘုရားပွဲတွင် နတ်ပွဲကိုပါထည့်သွင်းပြီး ကျင်းပခြင်းသည် ဘုရားပွဲကျင်းပရေးဂေါပကအဖွဲ့ က ဆုံးဖြတ် ချက်သက်သက်ဖြင့် ပြုလုပ်သော လုပ်ရပ်သာဖြစ်သည့်အတွက် မြို့ သူ/သားများက မနှစ်သက်၊ မနှစ်မြို့ မှုများ ရှိကြောင်း သိရှိရသည်။ ယခင်က ရသေ့တောင်မြို့ တွင် မြို့ ရှင်မ/ရွာရှင်မ နတ်ပွဲကို သီးသန့် ကျင်းပခဲ့သည်။ ရသေ့တောင်မြို့ နယ်သူ/သားများက ဆိုသည်မှာ `ဘုရားပွဲက ဘုရားပွဲသီးသန့် သာဖြစ်သင့်သည်။ နတ်ပွဲက လည်းနတ်ပွဲသီးသန့် သာဖြစ်သင့်သည်။ အခုက ဆွမ်းဆန်ထဲကြွက်ချေးရောသကဲ့သို့  မသင့်လျော်ဟု´ ဆိုကြသည်။ ယခုနှစ်တွင် ရခိုင်ပြည်တွင်း ပဋိပက္ခကြောင့် ရခိုင့်ဇာတ်သဘင်အဖွဲ့ များ ရပ်တန့် ခဲ့ရသောကြောင့် ဘုရားပွဲတွင် ဇာတ်ပွဲမတင်ဆက်နိုင်ပါ။ သို့ သော်လည်း စေတီတောင်(ရသေ့တောင်စေတီ)ဘုရား ဗုဒ္ဓပူဇနိယဘုရားပွဲတော် သည် ပွဲဈေးတန်းများနှင့် နေ့ ရောညပါ စည်ကားလျှက် ရှိနေသည်။ စေတီတောင်(ရသေ့တောင်စေတီ)ဘုရားသည် ရသေ့တောင်ချောင်းနှင့် မယူမြစ်တို့  ပေါင်းဆုံရာအနီးရှိ ရာဇ ပဗ္ဗတတောင်ပေါ်၌ တည်ထားသည်။ ဦးကင်းတော်ဓါတ်ကို ဌာပနာသည်။ ဗုဒ္ဓမြတ်စွာနုစဉ်ခါက ဤဒေသ၀န်း ကျင်၌ ဆဒ္ဒန်ဆင်မင်းဖြစ်ခဲ့သည်။ ဘုရားမင်းဖလောင်းကြီး ဦးရာဇ်တော်စေတီကို သီလပဗ္ဗတတောင်ပေါ်၌ တည်ဆောက်နေစဉ်အတွင်း ပြုပြင်မွမ်းမံခဲ့သည်။ ဦးရာဇ်တော်စေတီနှင့် ပုံစံတူ (အရွယ်အစားငယ်)ပြုပြင်ခဲ့ သည်။ ကင်းတော်စေတီဟု ခေါ်တွင်သည်။ ကမ်းပါးစေတီဟုလည်း ခေါ်သည်။ ယခုအခါ ရသေ့တောင်မြို့ ကို အစွဲပြု၍ ရသေ့တောင်စေတီဟု ခေါ်တွင်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့  အမြောက်ဒဏ်ကြောင့် ခေါင်းလောင်းမှောက်အထိ ပျက်စီးသွားခဲ့သည်။ စစ်ပြီးခေတ် ပြန်လည်ပြုပြင်သည်။ လုံးပတ် (၅၄)တောင်၊ ဉာဏ်တော် (၂၂)တောင်ဖြစ်သည်။ စေတီယင်္ဂဏဝေယျာဝစ္စအဖွဲ့ မှ ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိသည်။ သတင်းနှင့်ဓါတ်ပုံ- ခိုင်ရွှေသစ် from RSV —

SHARE THIS
Previous Post
Next Post