နိုင်ငံတော် သမ္မတ ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက် ပြန်လည် ထူထောင်ရေး လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများ ကြည့်ရှု စစ်ဆေး


၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့် အကွာ မြေပြင်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး (၆ ဒသမ ၈) အဆင့်ရှိ သပိတ်ကျင်း ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်း
ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ အတွင်း ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက် တို့တွင် ငလျင်ဒဏ်သင့် ဒေသများသို့ သွားရောက်၍ ပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ
ဆောင်ရွက်ရန် စီမံလမ်းညွှန် မှာကြားခဲ့သည်။

ယနေ့နံနက် ၇ နာရီတွင် နိုင်ငံတော် သမ္မတသည် အဆိုပါ ငလျင်ဒဏ်
သင့် ဒေသများရှိ ပြန်လည် ထူထောင် ရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးပြီး ဒေသခံ ပြည်သူများအား ထပ်မံ တွေ့ဆုံရန် အတွက် အထူး လေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာခဲ့ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်သူ့လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးတင်ထွတ်၊ သူရ ဦးအေးမြင့်နှင့် ဦးသိန်းဇော်၊ ပို့ဆောင်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ ခဲ့ကြသည်။

ထို့နောက် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါလျက် ရဟတ်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ နံနက် ၉ နာရီခွဲ တွင် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ခရိုင် သပိတ်ကျင်းမြို့သို့ ရောက်ရှိသည်။

ယင်းနောက် နိုင်ငံတော် သမ္မတသည် သပိတ်ကျင်းမြို့တွင် ကမ္ဘာအေး ကွက်သစ် မြေနေရာ ဖော်ထုတ်ထားမှု ကို ကြည့်ရှု စစ်ဆေးရာ မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး
ဒေါက်တာ မြင့်ကြူနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်တို့က မြို့ကွက်သစ် ဖော်ထုတ် ပြီးစီးမှု၊ ရေနှင့် လျှပ်စစ်မီး ရရှိအောင်
ဆောင်ရွက်ထားမှု အခြေအနေ များကို ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ် ထားမှုကို လှည့်လည် ကြည့်ရှုပြီး နေအိမ်များကို ငလျင်ဒဏ် ခံနိုင်ရန်နှင့် မီးဘေး အန္တရာယ် ကာကွယ်နိုင်ရန် အတွက် ရည်ရွယ် ဆောက်လုပ်ပေးရန် မှာကြားသည်။

ထို့နောက် နိုင်ငံတော် သမ္မတသည် အောင်မြင်သာကျောင်းတိုက်ရှိ သမိုင်းဝင် ဖောင်တော်ဦးနှင့် ဖောင်တော် ပဲ့ ဗုဒ္ဓရုပ်ပွားတော် များအား ဖူးမြော်ကြည်ညိုသည်။ ဆက်လက်၍ ငလျင်ဒဏ်ကြောင့် ပျက်စီးနေသည့် ဘုန်းတော် ကြီး ကျောင်းများနှင့် အောင်စကြာ စေတီတော်တို့ကို လှည့်လည် ကြည့်ရှုပြီး ဒေသခံ ပြည်သူများ အား တွေ့ဆုံအားပေးကာ ပြန်လည်ပြုပြင် တည်ဆောက် ပြီးစီးသည့် လူနေအိမ် များကို လှည့်လည် ကြည့်ရှု သည်။

ထိုမှတစ်ဆင့် နိုင်ငံတော် သမ္မတသည် သပိတ်ကျင်း မြို့နယ် စပ္ပါယ်နဂိုရ် ကျေးရွာသို့ ရောက်ရှိပြီး ငလျင် ကယ်ဆယ်ရေး စခန်း၌ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုသည်။

ထို့နောက် ကျေးရွာ အုပ်စုမှ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးပြီး ကျေးရွာ မီးရရှိရေး အတွက် ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပေးရန် တာဝန်ရှိသူ များအား မှာကြားသည်။

ယင်းနောက် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင်
ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှု၊ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ကျောင်းဆောင်ဟောင်းကို ပြန်လည် ပြုပြင်
ဆောက်လုပ်နေမှု၊ တန်ဖိုးနည်း အိမ်ရာ များ ဆောက်လုပ်ထား မှုနှင့် ကျေးရွာ ဆေးပေးခန်း ဆောက်လုပ် ပြီးစီးမှု အခြေအနေ များကို လှည့်လည် ကြည့်ရှုသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အဆိုပါ ကျေးရွာရှိ သာသနိက အဆောက် အအုံများ၊ စာသင်ဆောင် များ၊ ဆေးပေးခန်းနှင့် လူနေအိမ်
များကို MotherTrading Co.,Ltd. ကပြန်လည် ဆောက်လုပ် လှူဒါန်းလျက် ရှိကြောင်းသိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ထိုမှတစ်ဆင့် စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့နယ် သီဟတော ကျေးရွာ အနီးရှိ သမိုင်းဝင် အညာသီဟ တောဘုရားသို့ ရောက်ရှိ ကြရာ သီဟတော
ကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာများမှ ပြည်သူများက ကြိုဆို နှုတ်ဆက် ကြသည်။

ထို့နောက် ငလျင်ဒဏ်ကြောင့် စေတီတော် ပျက်စီးမှု အခြေအနေကို လှည့်လည် ကြည့်ရှုပြီး စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော် များအား ဖူးမြော် ကြည်ညိုသည်။

ဆက်လက်၍ မြို့နယ် သံဃနာယက အဖွဲ့ဝင် ဆရာတော် များအား
ဖူးမြော် ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက် စေတီတော် ဂေါပက အဖွဲ့ဝင်များက စေတီတော် သမိုင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်ခဲ့မှု နှင့် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပချိန်တွင် စေတီတော်ရှိ အညာသီဟတော ဗုဒ္ဓရုပ်ပွားတော်အား မန္တလေးမြို့မှ ပြန်လည် ပင့်ဆောင် အပူဇော်ခံမှု အခြေ အနေများကို ရှင်းလင်း တင်ပြကြရာ နိုင်ငံတော် သမ္မတက စေတီတော် ကြီးအား မိမိတို့ အစိုးရအဖွဲ့က ပြန်လည် ပြုပြင် တည်ဆောက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး စေတီတော် အတွက် အလှူငွေများ ပေးအပ် လှူဒါန်းသည်။

အဆိုပါ အညာ သီဟတော စေတီတော် ပြန်လည်ပြုပြင်ရန် အတွက်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကလည်း ငွေကျပ်သိန်း
၂ဝဝ ထည့်ဝင်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် သီဟတော ကျေးရွာရှိ ကိုးခန်း တန်ဆောင်း၌ ခေတ္တ ကိန်းဝပ် စံပယ်တော်မူလျက် ရှိသည့် အညာသီဟတော စေတီတော်မှ ဗုဒ္ဓ ရုပ်ပွားတော် များအား ဖူးမြော် ကြည်ညို ကြသည်။

ထိုမှတစ်ဆင့် ရွှေဘိုမြို့နယ် ကျောက်မြောင်း မြို့နယ်ခွဲရှိ ရတနာသိင်္ဃ တံတား တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိသည်။

ယင်းနောက် စီမံကိန်း ရှင်းလင်းဆောင်၌ နိုင်ငံတော် သမ္မတအား
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည့် တည်ဆောက်ဆဲ တံတား သံပေါင်များအား ပြန်လည် ဆယ်ယူ ပြီးစီးမှု၊ စဥ့်ကူးဘက် ကမ်းတွင် တံတား သံပေါင်များ စတင်တပ်ဆင် နေမှု အခြေအနေ များကို ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက ငလျင်ဒဏ်ကြောင့် တံတား တည်ဆောက်ရေး တာဝန် ထမ်းဆောင်ရင်း ကွယ်လွန် သွားကြသည့် ဝန်ထမ်းများ၏ မိသားစု များအား ပံ့ပိုးကူညီ
စောင့်ရှောက်ရန်နှင့် တံတားကြီးကို သတ်မှတ်ချိန် အတွင်း ပြီးစီးအောင် တည်ဆောက်ရန် မှာကြားပြီး တံတားသံပေါင် တပ်ဆင် နေမှုကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်
များဖြင့် ပြန်လည် ထွက်ခွာလာပြီး မန္တလေး မြို့မှတစ်ဆင့် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

သပိတ်ကျင်း ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့ နယ် အပါအဝင် မြို့နယ်ပေါင်း ၁၇ မြို့နယ်တွင် ထိခိုက်ပျက်စီး မှုများ ရှိခဲ့သည်။ ထို့အပြင် နောက်ဆက်တွဲ ငလျင်ငယ်များ အဖြစ် သပိတ်ကျင်းမြို့နယ်တွင် (၁ဝ၆)ကြိမ်၊ စဥ့်ကူးမြို့နယ်တွင်(၃၂)ကြိမ် လှုပ်ခတ်ခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင်
လည်း ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ နောက်ဆက်တွဲ ငလျင်များအဖြစ် ယခုလ ၂၄ ရက်အထိ (၁ဝ၄)ကြိမ်လှုပ်ခတ် ခဲ့သည်။

ငလျင် စတင် လှုပ်ခတ် ပြီးနောက် သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ စီမံ ဆောင်ရွက်ပေးမှုဖြင့် မန္တလေးနှင့် စစ်ကိုင်းတိုင်း
ဒေသကြီး သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး စီမံခန့်ခွဲရေး
ကော်မတီများက ကယ်ဆယ်ရေး၊ ပြန်လည်နေရာ ချထားရေးနှင့် ပြိုကျပျက်စီး ခဲ့သော အဆောက် အအုံများ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။

ပြိုကျ ပျက်စီးခဲ့သော အဆောက် အအုံများအား နိုင်ငံတော် ရန်ပုံငွေနှင့် အလှူရှင်များ၏ လှူဒါန်းမှု တို့ဖြင့် ပြန်လည်တည်ဆောက် ပေးလျက် ရှိရာ ယခုအခါ မန္တလေးတိုင်း ဒေသကြီး အတွင်း ပြိုကျပျက်စီး ခဲ့သော အဆောက် အအုံများ အနက် လူနေအိမ် ၇၃၅ လုံး၊ ဌာနဆိုင်ရာ ရုံး အဆောက်အအုံ ၂၅ ခု၊ စာသင်ကျောင်း ရှစ်ကျောင်း၊ ဆေးရုံနှင့် ဆေးပေးခန်း ခြောက်ခု၊ သာသနိက အဆောက်အအုံ ၂၁ ခုနှင့် စေတီ ၅၂ ဆူ တို့ကို ပြန်လည် ပြုပြင် တည်ဆောက်ပြီး ဖြစ်သည်။

အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ပြိုကျ ပျက်စီးခဲ့သော အဆောက် အအုံများ အနက် လူနေအိမ် ၃၄၄ လုံး၊ ဌာနဆိုင်ရာ ရုံး အဆောက်အအုံ ၂၃ ခု၊ စာသင်ကျောင်း ၇၈ ကျောင်း၊ ဆေးရုံနှင့်
ဆေးပေးခန်း ၁၁ ခု၊ သာသနိက အဆောက်အအုံ ၇၅ ခုနှင့် စေတီ
၆၉ ဆူတို့ကို ပြန်လည် ပြုပြင် တည်ဆောက်ပြီး ဖြစ်သည်။

ငလျင်ဒဏ်သင့် ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အမြန် ပြီးစီးအောင် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီ

SHARE THIS
Previous Post
Next Post