ပစ်ခတ်နေသော နေ့ရက်များ ပျက်ကြွေစေသား


ဒေါက်တာစိန်စိန်သိန်း
by Myit Makha Mediagroup on 2 Jan, 2013

နိုင်ငံရေးမျက်နှာစာမှာ လေ့လာသူတစ်ဦးအသွင်နှင့် ကျွန်မရပ်တည်နေစဉ်မှာပင် ၂၀၁၃ နှင့် ငြိမ်းချမ်းရေးဆိုသည့် ခေါင်းစဉ်က ဦးနှောက်တွင်းသို့ ထဲထဲဝင်ဝင်၊ ဖြတ်သန်းခဲ့ရသည်။ ဘာကလိုတိုတို အလိုမကျမှုများစွာနှင့်သာ ၂၀၁၃ က ရောက်လာပါ၏။
 
 "ထိပ်သီးပုဂ္ဂိုလ်တွေ ဆွေးနွေးနေကြတာ နှစ် ၅၀ ရှိပြီ"ဆိုသော မင်းကိုနိုင်၏ စကားကို ၂၀၁၃ နှစ်ဦးမှာ ပြောချိန်တန်၍   ပြောသည့်စကားဟု သတ်မှတ်ကာ ချီးကျူးဂုဏ်ပြုမိပါသည်။ မြန်မာနိုင်ငံ၏  ပြည်တွင်း ငြိမ်းချမ်းရေးသည် ၂၀၁၃၏အရေးကြီးဆုံးပြဿနာဟု ကျွန်မကလည်း ခံယူပါသည်ကိုး၊ ငြင်းမည်ဆိုလျှင်တောင် မငြင်းသင့်ပါ။
 
တိုင်းရင်းသားတို့နှင့်  လက်ပွန်းတတည်းနေခဲ့ရသော ၂၀၁၂ ကိုပြန်လည်၍ Review (ပြန်လှန်ဆန်းစစ်ခြင်း) ပြုခဲ့ရာမှာ …… စစ်မှန်သော ငြိမ်းချမ်းရေးရရှိစေရန်အတွက် အစ်မဒေါ်အောင်ဆန်းစုကြည်၏ အကူအညီကို အသုံးပြုနိုင်ရန် စဉ်းစားသင့်သည်ဟု ဆိုကြပါသည်။  အစ်မသည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်ပါ၏။ လက်ပံတောင်းတောင် ကိစ္စလိုသာ ထပ်မံကြားရဦး မည်ဆိုလျှင် နိုင်ငံတော်ငြိမ်းချမ်းရေး ကိစ္စမှာ ရင်လေးစရာ သာ ဖြစ်ရပါလိမ့်မည်ဟုလည်း ကျွန်မတို့စိုးရိမ်ပူပန်မိကြပါသည်။ အထူးသဖြင့် "လုပ်မဲ့သူမရှိလို့ လုပ်နေတာပါဟု " ပြောသော အရေးကြီးပုဂ္ဂိုလ်ကြီး၏ စကားကိုပြည်သူများကပို၍ ခံစားရပါ၏။ အဲသလို ဘာလို့ပြောတာလဲဟုလည်း  ကျွန်မကတော့ ရိုးရိုးလေးပဲတွေးနေမိပါသည်။ လုပ်မဲ့သူတွေရှိပါသည်ဟုတော့ ယူဆမိပါ၏။ လက်ပံတောင်းတောင်  အသံဖိုင်ပါသောအင်တာဗျုးကို   တဖန်တလဲလဲနားထောင်ပြီးသောအခါ ….. အားငယ်လာရပါတော့သည်။ ကျွန်မတို့လို ၆၀ အရွယ်များ ဖြတ်သန်းနေသော ကာလများမှာ ခေါင်းဆောင်ဟုခေါ်သော  လူအတော်များများကို တွေ့မြင် မှတ်သားဘူးကြသူများပါသည်။
 
ရယူခြင်းကို ဗဟိုပြု၍ လှုပ်ရှားခဲ့သူများဖြစ်သဖြင့် တရား၏မတရား၏ကိုသိပ်မစဉ်းစားပဲ လစ်လျူရှုကာ မျက်ကွယ်ပြုခဲ့ သူတွေများသော ခေတ်ကို ကျွန်မတို့ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။ ပြဿနာကို ဖြေရှင်းပေးရန်မှာ  မည်သူတို့မှာ  တာဝန်ရှိနေပါသနည်း ကျွန်မလည်း ဥာဏ်မမှီတော့ပါ။ ကချင်မြေမှ ဒုက္ခသည်တို့၏ရုပ်ပုံလွှာများကိုလည်း  အစိုးရအဖွဲ့ဝင်တို့၏ နှုတ်ထွက်စကားများကို လည်းကောင်း တွက်ဆကြည့်ကာ ၂၀၁၃ ကို ရင်မောစွာဖြတ်သန်းရဦးကိုတော့ ခန့်မှန်းမိပါ၏။
 
  ကျွန်မတစ်ဦးတည်း အမြင်အနေဖြင့်တော့  မင်းကိုနိုင်တို့ကလည်း ပြောချိန်တန်၍ ပြောနေပြီ ဖြစ်ရာ ယခုအပတ် လွှတ်တော်ပြန် စ လျှင်  လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီမှလည်း ငြိမ်းချမ်းရေးကိစ္စ အသားပေးစေလိုပါသည်ဟု အသနားခံစာတင်ပြအပ်ပါသည်။ သဘာဝအတိုင်းပင် ပွင့်လင်းမြင်သာမှုကို လူတိုင်းလိုလားပါသည်။  ပွင့်လင်းမြင်သာမှုရှိလျှင်ယုံကြည်မှုကို တည်ဆောက်နိုင်ပါလိမ့်မည်။ ကျွန်မကရှမ်းပြည်နယ်တွင် နေထိုင်သူဖြစ်ရာမှ တရုတ်နှင့် ပထ၀ီနိုင်ငံရေးအရ ပတ်သက်မှုများကိုလည်း ထဲထဲဝင်ဝင် သိထားခဲ့သူဖြစ်ရာ … ၂၀၁၃ကို ရင်တမမနှင့်သာ ကြိုရမည့်သူစာရင်းမှာ   ကျွန်မကိုယ်တ တိုင်ပါဝင်နေရပါတော့သည်။ ကျွန်မက မီဒီယာလောကကိုပို၍ အားထားခဲ့ပါသည်။ အားထားလိုပါသေးသည်။ နိုင်ငံရေးသမားက ချင့်ချိန်နေရချိန်မှာ  မီဒီယာသမားက  တိုင်းပြည်၏ ရန် အန္တရာယ်အတွက် ဘေးရန်ဆည်းကာကြရမည် ဖြစ်သဖြင့် ဝေဖန်သင့်သည်များကို ဝေဖန်ကာ ထောက်ပြသင့် သည်များကို ထောက်ပြလျှက်ရှိနေကြသည်ကို  တွေ့ရပါသည်။
 
 မြန်မာ့နိုင်ငံရေးကို မီဒီယာများက  အထောက်အကူပြုနေကြဆဲဖြစ်ပါ၏။ Buffer Zoneများ ကြားခံနယ်များ တမင်တကာထားရှိနေသေးသမျှ စစ်မှန်သော  ငြိမ်းချမ်းရေးနှင့် ဝေးသထက်ဝေးဦးမည်ဖြစ်ရသည်ကို သတိချပ်ရန် လိုသည်။ မီဒီယာသမားတို့မှာ  ဘက်လိုက်မည့်သူရှားပါသည်။ ကချင်ပြည်နယ်သည် ကျွန်မတို့ အိမ်ကြီးမှ အခန်းတစ်ခန်းသာ ဖြစ်၍ ကျဆုံးခဲ့သော  ကျွန်မတို့၏ သွေးသားစစ်သည်နှင့် ပြည်သူတို့အတွက် ရင်နှင့်အမျှကြေကွဲနေကြရပါပြီ။ မြန်မာတို့၏ အသွေးအသားညီနောင်တိုင်းရင်းသားများ ဗမာ့တပ်မတော်မှ ပြည်သူ့ရင်သွေးစစ်မှုထမ်းများ၏ အသက်များကို စတေးနေသည်မှာလည်း ကြာခဲ့ပါပြီ ၂ နှစ်ရှိခဲ့ပါလေပြီ။
 
တိုက်ပွဲမှာ ကိုယ့်သားမပါလို့ဆိုပြီး စိတ်မအေးသင့်ပါ။ Opposite eye ဆိုသူ၏ လူမပါပဲအင်္ကျီလေးကို အိပ်ရာမှာတင်လျှက် ကြေကွဲနေပုံဓါတ်ပုံနှင့်တကွ အလောင်းမပါ ဈာပန note လေး၊ ကိုလည်းကောင်း သားဓါတ်ပုံကို ကြည့်ကာ ဆွမ်းသွပ်အမျှဝေနေရှာသော မိခင်များကို လည်းကောင်း ကျွန်မကိုယ်ချင်းစာ မိပါသည်။ လက်ထက်ပြီး တစ်လမှာတိုက်ပွဲလိုက်သွားရာမှ ပြန်မလာတော့သော အသစ်စက်စက် ခင်ပွန်းကိုမျှော်နေရှာသည့် မျက်ရည်ငွေ့နှင့်ကိုယ်ဝန်ဆောင် မိန်းခလေးကိုလည်း ကိုယ်ချင်းစာပါသည်။ ဂျပ်ဗုံးများဖေါက်၍ ခိုကျင်းမှာ ၀င်၍အိပ်ရသော ကချင်မြေမှ သားသမီးမြေးအရွယ်ကလေးများကိုလည်း  စာနာကြဖို့ ကောင်းပါသည်။ ကျွန်မ၏မြေးငယ်များ ညညတိုင် အိပ်ရာမှာ စောင်ကွာလေ့ရှိရာညတိုင် ထထကြည့်တက်သော  ကျွန်မက ကချင်မြေမှာစောင်မပါပဲ ကတုတ်ကျင်းမှာအိပ်နေရသော မြေးငယ်အရွယ်ကလေးငယ်များကို ကြည့်ကာ ရင်ထုမနာဖြစ်၍ အတော်နှင့် ပြန်အိပ်၍မရပါ။ ထထိုင်ကာ  Face book ဖွင့်ကာမှပို၍ ဆိုးတော့သည်။
 
ကိုကျော်မင်းဆွေ၏ ငြိမ်းချမ်းရေးခေါ်သံတွေ၊ ကျော်သူရိန်၏ကာတွန်းပုံတွေ ၊ ခေတ်သတင်းမှ လိုင်ဇာမြို့ရဲ့ တိုက်ပွဲဆိုတာတွေနှင့် တဲ့တဲ့ကိုတိုးပါလေတော့သည်။ တပ်မတော်သားများ ကိုယ်စားပြောကြားလိုပါ သည်ဆိုသည့် note ကိုလည်း ဖတ်ခွင့်ရပါသည်။ငြိမ်းချမ်းရေးကို စစ်သားတွေက အလိုချင်ဆုံး ဟုဆိုပါသည်။  ၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးနှင့် ဒေါ်မီးမီးအပါအ၀င် ၄ ဦးတို့ကတော့ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာ ဒုက္ခသည်များသို့ ဇန်န၀ါရီလ ၁ ရက်နေ့မှာ ငွေကျပ် ၁၄၅ သိန်းနှင့် အ၀တ်အထည်စောင်များပေးလှူခဲ့ကြောင်း  သတင်းတက်လာပါသည်။  ကျေးဇူးတင်ပါသည်။ ၈၈။
 
ငြိမ်းချမ်းရေးကိစ္စမှာ  ခက်ခဲသယောင်ထင်ရသော်လည်း  အရည်အချင်းရှိသော စိတ်ဓာတ်ကြံ့ခိုင်သော ခေါင်းဆောင်များအတွက် သိတ်ကြီးခဲယဉ်းမည်တော့ မဟုတ်ပါ။ လောကတွင် နယ်ပယ်အလိုက် သူ့အတွေ့ အကြုံနှင့်သူ၊ မြှော်မြင် ဆင်ခြင်နိုင်သော  ပညာရှိများရှိကြ၏။ နိုင်ငံရေးပညာဖြင့် ပါရဂူအဆင့်ဝင်ခဲ့သော သူများအတွက်မူ အခြားသူများထက်ပို၍လွယ်ကူစရာ အကြောင်းမြင်ပါသည်။ မင်္ဂလာတရား ၃၈ ပါးတွင် ပဏိာတာနဉ္စသေ၀နာ ဟူသော စကားရှိပါ၏ နိုင်ငံရေးပညာရှင်များ ၏ မျှော်လင့်ဆင်ခြင်မှုကို မှီဝဲဆည်းကပ်ရန် အချိန်ရောက်ပြီဟု ထင်ပါသည်။
 
အထောက်အကူပြုနိုင်မည့် ပုဂ္ဂိုလ်များပူးပေါင်းပါဝင်စေလိုခြင်း ဖြစ်သည်။ ကျွန်မတို့ဖြတ်သန်းခဲ့သော ခေတ်စနစ်၏ အခြေ အနေအရပြောရဲ သူ မရှိသလောက်ရှားခဲ့ပါသည်။ လက်ညိုးထောင်ခေါင်းငြိမ့်သူများသာ များခဲ့ပါသည်။ ပြောရဲသူမရှိသော အခါ လုပ်ရဲသူများလာ၏။ သတ္တိမရှိကြသောအခါ အရှုံးက များလာ၏။ စည်းစိမ်ဥစ္စာရှုံးသော်များစွာဆုံးရှုံး၏။ မိတ်ဆွေကောင်းကို ဆုံးရှုံးသော်အလုံးစုံဆုံးရှုံးပြီး သတ္တိဆုံးရှုံးလျှင်မှု နလံထူမည်မဟုတ်တော့ပါ မြန်မာပြည်ကြီး နာလံထူနိုင်စေရန်အစ်မကူရန် လိုသည်ဟု ဆိုကာ  ၂၀၁၃ နှစ်မှာ ငြိမ်းချမ်းရေးသာလိုချင်ပါသည်ဟုပြည်သူများက ဆန္ဒပြင်းပြနေပါကြောင်း တင်ပြလိုက်ရပါတော့သည်။
 
ကျွမ်းကျင်သော မာလိန်မှူးတို့၏ ကျော်စောမှုကိုလေပြင်းမုန်တိုင်းတို့ကြောင့်  ရခဲ့ခြင်းဖြစ်ရာ ငြိမ်းချမ်းရေးကို ကျွမ်းကျင်သော   နိုင်ငံရေး ပါရဂူတို့ကသာ ဆောင်ယူပေးနိုင်ပါလိမ့်မည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့်  တရုတ်နိုင်ငံကြားမှာ  Buffer Zone များရှိနေခြင်းကြောင့် လွယ်လွယ်နှင့်တော့ ရှင်း၍ရဟန်မတူပါ ကျွန်မတို့ပြည်သူတွေနိုင်ငံရေးသုံ့ပန်ဖြစ်နေရ သည်ကိုတော့ထောက်ထားစေလိုပါသည်။ 
 
တပ်မတော်သားတွေနှင့် ကချင်ပြည်သူတွေမြေဇာပင်ဖြစ်နေရသည်မှာ  ၂ နှစ်ရှိပြီကျွန်မတို့နိုင်ငံ၏ နိုင်ငံရေး ခရီးသည် တိမ်မယောင်နှင့် နက်ဆဲသာဖြစ်သည် "ဖူးတံကညိုတိုတို၊ စုန်ရေဆန်ရေနဲ့ ဗေဒါဆွေရေအလှ၊ ချောင်းမတခို၊ ရေငန်နှင့် ရေချို၊ ဥဒဟိုမစဲ၊ နေ့မရှောင်ညမအား၊ နားရရှာဘဲ နားချင်လို့တခါတရံ၊ မဗေဒါရွာသူ့ ပန်းပေးပို့၊ ကမ်းကပ်မဲ့ကြံ၊ အစုန်မှာ ကပ်ရပြန်၊ အဆန်မှာ ခွာရမြဲ "
 
အဆန်မှာ ကပ်လျှင်လဲ စုန်ဆင်းတော့ကွဲ…… ဆိုသည့် ဆရာဇေါ်ဂျီ၏ ကဗျာ၏ နောက်ဆုံးအပိုဒ်မှာ ……
 
ကပ်ပြန်ရ၀မ်းမသာ
 
ခွာရပြန် ၀မ်းမနည်း
 
 မဗေဒါစုန်ဆန်ရင်း တင်းရပုံပဲ ……
 
ဟု ဆိုထားရာ ပုံဖေါ်ခြင်းငှာ မစွမ်းနိုင်ပါသော ခံစားမှုတို့ဖြင့်သာ  ကျွန်မကတော့ အားမလိုအား ရဖြစ်နေသော မျှော်လင့် ချက်တို့ဖြင့် မာန်တင်းကာ  ၂၀၁၃  ကို ကြိုဆိုရဦးမည်သာ  ဖြစ်ပါတော့သည် တကား ……။


SHARE THIS
Previous Post
Next Post