စုဘူးထုတ်လုပ်သည့် လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာ

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup on 2 Jan, 2013

 အိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သည့် စုဘူးလုပ်ငန်းများမှာ လွန်ခဲ့သော လေးနှစ်ကထက် ၈၀ ရာခိုင်နှုန်းခန့် ယုတ်လျော့ကျ ဆင်းလာကြောင်း စုဘူးလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။
 
ထိုကဲ့သို့ကျဆင်းလာရခြင်းမှာ နာဂစ်တိုက်ပြီးသွားသည့်အချိန်မှစ၍ စတင်ကျဆင်းလာခြင်းဖြစ်ပြီး စုဘူးအများဆုံး ၀ယ်ယူအားပေးကြသူများမှာ နယ်ဘက်မှဖြစ်ပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှဖြစ်ကြောင်း ကိုလည်း သိရသည်။
 
အဘတို့ စုဘူးလုပ်လာတာ အနှစ်သုံးဆယ်ကျော်သွားပြီ၊ အခုမှ အခြေအနေမကောင်းတော့တာ နာဂစ်တိုက် ပြီးကတည်းက စုဘူးအားပေးတဲ့လူတွေအကုန်ပါသွားတာ။ ဟုကမာရွတ်မြို့နယ်မှ စုဗူးလုပ်သည့် ဦးဆန်းက ပြောသည်။
 
ယခင်အချိန်များက တစ်ရက်လျှင် စုဘူးတစ်ရာခန့် အမှာရှိသော်လည်း ယခုအချိန်တွင်မူ တစ်ရက်လျှင်  (၁၀)ဘူး၊ ဘူး(၂၀)ခန့်သာ အမှာရှိတော့ကြောင်း စုဘူးလုပ်သည့် လူများက ပြောသည်။
 
 စုဘူးဒိုင်များသို့ ပေးရသော စုဘူးအကြီးတစ်လုံး၏ ဈေးနှုန်းမှာ (၃၅၀)ကျပ်နှင့် အသေးဈေးနှုန်းမှာ (၂၅၀)ကျပ်ဖြစ်ပြီး ထိုစုဘူးဒိုင်များမှ နယ်သို့ ပို့ရာတွင် တစ်ရာ၊ နှစ်ရာကျပ်ခန့်အမြတ်စားကြကြောင်းသိရသည်။
 
 
အရင်တုန်းကတော့ တစ်ရက်ကို တစ်သောင်းလောက်ရတယ်၊ အခုတော့ တစ်ရက်ကို နှစ်ထောင် တောင် အနိုင်နိုင်ပဲ ဟု စုဘူးလုပ်သည့် လူတစ်ဦးကပြောပြသည်။
 
 စုဘူးမှာသည့်ဒိုင်များမှာလည်း ယခင်က သိမ်ကြီးဈေးတွင် လေးငါးဦးခန့်ရှိသော်လည်း ယခုအချိန်တွင်တစ်ဦး၊ နှစ်ဦးခန့်သာ ရှိတော့ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်ပြောသည်။
 
အခုက ဘဏ်လုပ်ငန်းတွေ တိုးတက်လာတယ်၊ ရွှေစုသူတွေလည်းရှိလာတော့အရင်ကလို စုဘူးထဲ ငွေထည့် စုဖို့ဆိုတာ နယ်တွေနဲ့ ရုပ်ရှင်တွေထဲမှာပဲ ကျန်တော့မယ်ဟု ရန်ကုန်မှရှေ့မီနောက်မီ ၀ါရင့် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
 
ထိုကဲ့သို့ စုဘူးလုပ်သည့်လုပ်ငန်းမှေးမှိန်သွားသကဲ့သို့ နယ်များတွင်အသုံးပြုသည့် ရေနံဆီဖြင့် ထွန်းရသည့် မီးခွက်လုပ်ငန်းမှာလည်း တစ်ခါသုံးဓါတ်မီးအသုံးပြုမှုများပြားလာသည်နှင့်အမျှ မှေးမိန်လျက်ရှိကြောင်းကိုလည်း သိရသည်။
 
လက်ရှိ စုဘူးဈေးကွက်အတွင်း၌ ပလပ်စတစ်စုဘူးများအစားထိုးဝင်ရောက်နေပြီး ပလပ်စတစ်ဘူး တစ်လုံးလျှင် ကျပ်-၂၀၀ မှ တစ်ထောင်ဝန်းကျင်အထိ အရွယ်အစားအလိုက်ဈေးရှိကြောင်းကိုလည်း သိရသည်။

SHARE THIS
Previous Post
Next Post