ဝင်လာမစဲ တသဲသဲ အမြဲ ဖြစ်နေဖို့



FRIDAY, JANUARY 04, 2013 SITHU LINN

လာဘ်အစားဆုံး၊ ဆင်ဆာအဖြတ်ဆုံး စသဖြင့် ဘာအဖြစ်ဆုံး ညာအဖြစ်ဆုံး နာမည်အပျက်ဆုံး နိုင်ငံများထဲမှာ မြန်မာပြည်က ထိပ်တန်းက ပါဝင်ခဲ့ပါတယ်။
လတ်တလော ထွက်ပေါ်လာတဲ့ နိုင်ငံများ စာရင်း တခုမှာလည်း ထိပ်တန်းက ပါဝင်နေပြန်ပါပြီ။ ဒီတခါတော့ အကောင်းဘက်က ဖြစ်ပါတယ်။

ဒီနှစ်အတွက် အလည်အပတ်သွားဖို့ အကောင်းဆုံး နေရာ ၂၅ ခု စာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ် တဲ့။ ဒီလို ညွှန်းခဲ့တာကတော့ နယူးယောက် အခြေစိုက် ခရီးသွားလုပ်ငန်း မီဒီယာဖြစ်တဲ့ Fodor's ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ နိုင်ငံတစ်ကာရဲ့ ပိတ်ဆို့မှု ခံခဲ့ရတဲ့မြန်မာပြည်မှာ ခရီးသွားလုပ်ငန်းအတွက် လိုအပ်ချက်တွေက အမြောက်အများရှိနေပါသေးတယ် တဲ့။

ဒီစာရင်းနဲ့ ပတ်သက်ပြီး ၀ါရင့် ဧည့်လမ်းညွန်တစ်ဦးဖြစ်တဲ့ ဦးညီညီက အခုလို ပြောပါတယ် -
“ဖော်ပြတဲ့နိုင်ငံစာရင်းဟာ ခရီးသွားလုံခြုံမှု၊ ခရီးသွားဖို့အတွက် ကုန်ကျငွေနဲ့ ထိုက်တန်တဲ့ လည်ပတ်မှု ဖြစ် ခြင်းစတဲ့ အချက်တွေနဲ့ အကဲဖြတ်တဲ့ သဘောမျိုးပါ”
ဒါပေမဲ့ လက်ရှိမြန်မာ့ခရီးသွားလုပ်ငန်းမှာ ရှိနေတဲ့ လိုအပ်ချက်တွေနဲ့ အခက်အခဲတွေကို ဖြေရှင်း ဖြည့်ဆည်းဖို့ တာဝန်ရှိသူတွေအနေနဲ့ မဆောင်ရွက်နိုင်ဘူး ဆိုရင် မြန်မာ့ခရီးသွားလုပ်ငန်းဟာ ဒီနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အကြီးအကျယ် ဒုက္ခတွေ့ နိုင်တယ် လို့ သူက ဆိုပါတယ်။

ဟိုတယ်အခန်းခတွေရဲ့ဈေးနူန်းမြင့်တက်လာမှု၊ ၀န်ဆောင်မှုညံ့ဖျင်းမှု စတဲ့ အချက်တွေက အခုဝင်လာတဲ့ ခရီးသွားဧည့်သည်တွေအတွက် စိတ်ညစ်စရာပါပဲ။
အဲဒီလို ဆက်ဖြစ်နေရင်တော့ မြန်မာပြည်ကို တခေါက် လာပြီး နောက်ထပ်တခေါက်ထပ်လာဖို့ ဧည့်သည်တွေက တွန့်သွားပါလိမ့်မယ်။

တိုးရစ်(စ)ဂိုက် သို့မဟုတ် ဧည့်လမ်းညွှန်
အခုလောလောဆယ်ဖြစ်နေတဲ့အခက်အခဲတစ်ခုက ဧည့်လမ်းညွန်မလုံလောက်မှုပါပဲ။ တချို့နေရာတွေမှာ လိုင်စင်ရ ဧည့်လမ်းညွှန် မရှိလို့  အဆင်ပြေမယ်လို့ ယူဆရသူကိုရှာ၊ ဧည့်လမ်းညွန် ဆိုပြီး နိုင်ငံခြားခရီးသွားတွေနဲ့ ထည့်ပေးလိုက်တာမျိုးတွေပါ ဖြစ်နေပါတယ်။

“ဧည့်လမ်းညွန်ဆိုတာ ဘာသာစကားကို တတ်ကျွမ်းရုံနဲ့ဖြစ်တာ မဟုတ်ဘူး၊ ဒေသဆိုင်ရာ ဗဟုသုတ၊ မြန်မာယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကိုလည်း သေချာ သိထားဖို့ လိုပါတယ်” လို့ သူကပြောပါတယ်။

အစိုးရ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဧည့်လမ်းညွန်လိုင်စင်ကို ထုတ်ပေးထားတာ ၄,၀၇၇ ဦး လို့ ဆိုပါတယ်။

ဒါပေမယ့် တကယ် အလုပ်လုပ်နေတဲ့သူက ရန်ကုန်မှာ ၁,၂၀၀၊ မန္တလေး၊ ပုဂံနဲ့ အင်းလေးမှာ ၃၀၀ ဒီဝန်းကျင်ပဲ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ရောက် ဧည့်လမ်းညွှန် အရေအတွက်ဟာ စုစုပေါင်း ၁,၅၀၀ သာ ရှိတဲ့ သဘောပါ။

ညွှန်းထားတဲ့ထဲမှာ နိုင်ငံအမည်တွေ ပါသလို မြို့အမည် ကျွန်းအမည်တွေလည်း ပါဝင်နေပါတယ်။
ဝန်ကြီးဌာနက ဧည့်လမ်းညွန်လုပ်မဲ့ဝန်ထမ်းသစ်တွေခေါ်ယူပေမဲ့ လိုင် စင် ရ ဖို့အ တွက် အခက်အခဲတွေကလည်း ရှိနေပါတယ်။

“ဧည့်လမ်းညွန်သင်တန်းအတွက် တစ်နှစ်ကိုရန်ကုန်နဲ့ မန္တလေးမှာ လူ ၂၂၀လောက် ခေါ်တယ်။ ဒါပေမဲ့ သင်တန်းမှာ အောင်မြင်သူတွေ လိုင်စင်ရဖို့ကို နှစ်ပေါက်အောင် စောင့်နေရတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းမှာ ဧည့်လမ်းညွန်အသစ်တွေ တိုး မလာဘူး၊ ၀န်ကြီးဌာနကပဲ လိုင် စင် ထုတ်ပေးဖို့ အချိန်မရှိလောက်အောင်ကို မအားမလပ်ဖြစ်နေတာလား၊ ဘာကြောင့်မှန်းကို မသိပါဘူး”
လို့ ခရီး သွားလုပ်ငန်းနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

အရင်အချိန်ကမြန်မာပြည်ကို နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေမှာ ကြော်ငြာတောင် မတွေ့ခဲ့ရပါဘူး။ အခုတော့ မြန်မာပြည်ကို နိုင်ငံခြားခရီးသွားဧည့်သည်တွေ ၀င်လာမစဲ တသဲသဲပါပဲ လို့ ဆိုရမှာဖြစ်ပါတယ်။

ဧည့်သည်တွေ ၀င်လာမစဲ တသဲသဲ အမြဲ ဖြစ်နေဖို့၊ မြန်မာ့ခရီးသွားလုပ်ငန်းရဲ့အရှိန်ပြန်ကျမသွားဖို့ ဆိုတာကတော့ ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ အများကြီး မူတည်နေပါတော့တယ်။


အေးချမ်းမွန်မှ ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post