ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ အစားထိုး ကုသရာတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ကုသသူ ယခင်ထက် ပိုမိုများပြား


ခန္ဓာကိုယ် အစိတ်အပိုင်းများ အနက် အသည်း၊ ကျောက်ကပ်များ ပြည်တွင်း၌ အစားထိုး ခွဲစိတ်ရာတွင် ကန့်သတ်ချက်များ ရှိနေသည့်အတွက် အိန္ဒိယနိုင်ငံသို့ သွားရောက်ကုသသူ ယခင်ထက် ပိုမို များပြားလာကြောင်း ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ထံမှ သိရှိရသည်။

ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုး ကုသရန် စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အများဆုံး သွားရောက်ကြပြီး ယင်းနိုင်ငံများအနက် အိန္ဒိယနိုင်ငံသည် ကျန်းမာရေးပိုင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်း တင်းကျပ်မှု လျော့နည်းသည့်အတွက် သွားရောက်ကုသသူ ပိုမိုများပြားကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှ တာဝန်ရှိသူက ပြောပါသည်။

ထို့ပြင် ပြည်တွင်း၌ အသည်း၊ ကျောက်ကပ် အစားထိုးခြင်းများကို ပြည်တွင်းရှိ အထူးကု ဆရာဝန်ကြီးများက ကုသပေးနိုင်သော်လည်း ခွဲစိတ်ပေးနိုင်သည့် အခြေအနေနှင့် လူနာလိုအပ်ချက် မျှတမှု မရှိခြင်း၊ အစားထိုး ကုသရာတွင် ကန့်သတ်ချက်များ ရှိနေခြင်း၊ ဆေးရုံကြီးများတွင် ကုသပေးနိုင်သည့် ပမာဏနှင့် လူနာဦးရေ မျှတမှု မရှိခြင်း စသည့် အခက်အခဲများကြောင့် ယခုလို ပြည်ပနိုင်ငံများသို့ သွားရောက် အစားထိုးသူ ဦးရေ များပြားလာခြင်း ဖြစ်ကြောင်း၊ ယင်းတို့အနက် ကျောက်ကပ် အစားထိုးသူ ဦးရေ ပိုမိုများကြောင်း KC ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းမှ သိရသည်။

“ကျွန်တော်တို့ KC အနေနဲ့ အိန္ဒိယနိုင်ငံက Apollo ဆေးရုံကြီးနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်တယ်။ Apollo ဆေးရုံကြီးမှာက ဆေးပညာနဲ့ပတ်သက်လို့ ဌာနတွေ အများကြီး ရှိပေမယ့် ဒီကလူနာတွေ အများဆုံး သွားကြတာကတော့ အသည်း၊ ကျောက်ကပ်၊ ကင်ဆာနဲ့ ခွဲစိတ်ဖို့ လိုအပ်နေတဲ့ ကလေးရောဂါတွေ အတွက် သွားကြတာ အများဆုံးပဲ။ သွားတဲ့နှုန်းတွေကို အတိအကျ မပြောနိုင်ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ နှိုင်းယှဉ်ရင်တောင် နှစ်ဆလောက် မြင့်လာပါတယ်” ဟု KC ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းမှ ဒေါက်တာကျော်မင်းက ပြောကြားသည်။

ပြည်ပနိုင်ငံများသို့ ခန္ဓာကိုယ် အစိတ်အပိုင်းများ အစားထိုးရန် သွားရောက်ရာတွင် လူနာအချို့မှာ ပြည်တွင်းရှိ သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၏ ခွဲစိတ်ရန် လိုအပ်ကြောင်း ခွင့်ပြုချက်ဖြင့် သွားရောက် အစားထိုးခြင်းများ ရှိသော်လည်း အချို့မှာ ပြည်ပမှ သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ပြသပြီး ခွဲစိတ်ရန် လိုအပ်သည့်အတွက် သွားရောက်ခြင်းမျိုးလည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း အစာအိမ် အူလမ်းကြောင်းနှင့် အသည်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းသန်းဆွေက “အသည်းအနေနဲ့ ကန့်သတ်ချက် ဆိုတာထက်ကို အသည်းခွဲစိတ်မှုက နှစ်ကြိမ်ပဲ လုပ်ကြတော့ အသည်းခွဲစိတ် လဲလှယ်မှု ပညာအနေနဲ့ အမြဲလုပ်နေတဲ့ ဆရာတစ်ဦးကိုတော့ မမီနိုင်ပါဘူး။ အမြဲလုပ်နေရတဲ့ လူတွေ ကျတော့လည်း ပညာရပ်ပိုင်းရော၊ ပစ္စည်းကိရိယာ ပိုင်းရော၊ ၀န်ဆောင်မှုပိုင်းရော တစ်ခါထက်တစ်ခါ ပိုပြီးတိုးတက်အောင် လုပ်လာကြတယ်။ တိုးတက်အောင် လုပ်လာတာနဲ့အမျှ အောင်မြင်မှုလည်း ပိုများလာတယ်။ နောက်အိန္ဒိယနဲ့ စင်ကာပူ ဆိုရင်တောင် စင်ကာပူက အိန္ဒိယထက် ကန့်သတ်ချက်တွေ ပိုများပြီး ကုန်ကျစရိတ်လည်း နှစ်ဆနီးပါး များတယ်။ ငွေကြေး ကုန်ကျစရိတ် သက်သာတာကလည်း လူနာနဲ့ မိသားစုအတွက် စဉ်းစားစရာ တစ်ခု ဖြစ်နေတဲ့အတွက် သွားမယ်ဆိုရင် အိန္ဒိယကို ပိုရွေးလာ ကြတာပါ” ဟု ရှင်းပြသည်။

လက်ရှိ ပြည်တွင်း၌ ကျောက်ကပ် အစားထိုးရာတွင် မိဘ၊ မောင်နှမ အရင်းများထံမှ ကျောက်ကပ်ယူ၍ အစားထိုးခြင်းကိုသာ ဥပဒေအရ ခွင့်ပြုထားကြောင်း၊ ဦးနှောက်သေ နှလုံးခုန် လူသေမှ ကျောက်ကပ် အစားထိုး ပေးခြင်းကိုမူ မကြာသေးမီ နှစ်များက ခွင့်ပြုခဲ့ပြီး စတင်ခွဲစိတ်နိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ငွေကြေးနဲ့ ကျောက်ကပ် အရောင်းအ၀ယ် ကိစ္စတွေ မဖြစ်အောင် မိဘသားသမီး အရင်းဆီက ယူတာကိုပဲ ခွင့်ပြုထားတယ်။ တခြားနိုင်ငံတွေမှာတော့ အပြင် သူစိမ်းဆိုရင်လည်း လက်ခံပါတယ်။ ဒီမှာက မောင်နှမ တစ်ဝမ်းကွဲတောင် ပေးလို့မရပါဘူး။ ဒီတော့ အရေအတွက်များများ မခွဲနိုင်တဲ့အပြင် ခွဲမယ့် လူနာတွေမှာလည်း အခက်အခဲတွေ ရှိပါတယ်” ဟု ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကု ပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

မြန်မာနိုင်ငံမှ ပါမောက္ခ ဆရာဝန်ကြီးများ ဦးဆောင်သည့် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသခြင်းကို ၁၉၉၇ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့ရာ ၁၉၉၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ကျောက်ကပ် အစားထိုး ခွဲစိတ်အောင်မြင်ပြီးသူ ဦးရေ ၅၀ ကျော် ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန် အထိ အောင်မြင်စွာ အသည်းအစားထိုး ကုသပြီးသူ နှစ်ဦးသာရှိပြီး ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ် ပြုလုပ်ပေးခဲ့ကြောင်း၊ ယင်းခွဲစိတ်မှုများကို နိုင်ငံတော်၊ ပုဂ္ဂလိကနှင့် လူနာများ ပူးပေါင်းကျခံခဲ့ကြောင်း သိရသည်။

Eleven

SHARE THIS
Previous Post
Next Post