မလေးထွက်သူများနေ၍ မြောင်မြို့နယ်၌ တောင်သူ ရှားပါးလာ


မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 24 Jan, 2013



မြောင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့မှ လူငယ်များ ငွေတိုးချေး၍ ပြည်ပထွက်ခွာမှုများနေသည့် အတွက် ငွေတိုးချသည့် အလုပ် မှာ စီးပွားရေးလုပ်ငန်းသဖွယ်ဖြစ်နေကြောင်း ဒေသခံတို့က ဆိုသည်။
 
ပြည်ပသို့သွားရောက် အလုပ်လုပ်ကြသောသူများမှာ လူငယ်ဘွဲ့ရများ၊ တောင်သူသားသမီးများနှင့် အခြေခံလူတန်းစား များဖြစ်ပြီး ငွေတစ်ရာလျှင် အတိုး(၈)ကျပ်နှုန်းဖြင့် ငွေတိုးယူ၍ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ကြရာ ပြည်ပမှရရှိသော ၀င်ငွေများဖြင့် အကြွေးပြန်ဆပ်လေ့ရှိကြောင်းသိရသည်။

လူငယ်တွေက တောင်သူ မလုပ်တော့ဘူး၊ လူကြီးပိုင်းတွေပဲ တောင်သူလုပ်ငန်းတွေလုပ်ကြရတာ၊ လူငယ်တွေက မလေးရှာသွားပြီး၊ ငါးသေတ္တာစက်ရုံ၊ အထည်ချုပ်စက်ရုံစတဲ့ အလုပ်ရုံတွေမှာ အလုပ် လုပ်ကြတယ်။ ရွာက အဆက်သွယ်တွေလည်း အများကြီးရှိတယ်။ တစ်ချို့ဆို မိသားစုလိုက်ကို သွား အလုပ်လုပ်ကြတာဟု မြောင် မြို့နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။
 
မလေးရှားသို့ သွားရောက်လုပ်ကိုင်လိုသူတစ်ဦးလျှင် ငွေကျပ် ၅သိန်းဝန်းကျင် ကုန်ကျလေ့ရှိပြီး အလုပ်အကိုင် အဆင်ပြေလျှင် ဗီဇာသက်တမ်းထပ်တိုးသူများ ရှိသကဲ့သို့ အဆင်မပြေသောကြောင့် ရွာပြန်လာသူများလည်း ရှိသည်။

မလေးကိုသွားရင် သက်သက်သာသာလုပ်ရတဲ့ အလုပ်ရှိသလို သစ်ပင်လှဲသစ်ပင်ခုတ်ရတဲ့ လုပ်ငန်းတွေလို အလုပ်ကြမ်းတွေ လုပ်ရတာလည်းရှိတယ်။ အများစုက သူတို့လူမျိုးတွေ မလုပ်တာတွေ လုပ်ရတယ်။ မြန်မာအလုပ်သမားတွေက ဟိုမှာဆိုရင် ဈေးပေါ တယ်။ သွားတဲ့သူတွေကတော့ သွားကြတာပဲ။ ဟု မလေးရှားမှ အလုပ်လုပ်ပြန်လာသူတစ်ဦးမှ ၎င်း၏အတွေအကြုံကို ရှင်းပြသည်။
 
 မြောင်မြို့နယ်အတွင်းရှိ ပေါက်တောကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် မင်းထန်ကျေးရွာများမှ ပြည်ပသို့သွားရောက် အလုပ်လုပ် ကြသူများမှာ အများဆုံးဖြစ်ကြောင်း၊  အဆိုပါကျေးရွာများတွင် တောင်သူလုပ်ငန်းလုပ်သူ ရှားပါးနေကြောင်း ဒေသခံတို့က ဆိုသည်။

မလေးရှားသို့သွားရောက်လုပ်ကိုင်သူတစ်ဦး၏၀င်ငွေမှာ တစ်လလျှင် မြန်မာငွေသုံးသိန်းခန့် ရှိသော ကြောင့် အကြွေးကျေပြီး   မြန်မာနိုင်ငံမှမိသားစုကိုပင် ပြန်လည်ထောက်ပံ့ပေးနိုင်သည့်အတွက် ယခုကဲ့သို့ ပြည်ပထွက်ခွာသူဦးရေ များနေရခြင်းဖြစ်သည်။
 
 

SHARE THIS
Previous Post
Next Post