တရားစွဲမည်ဟု ဆိုထားသော်လည်း မျက်နှာစာဖျက်မပေးလိုကြသူများ



မင်းမင်းလတ် ( မန္တလေး - မြစ်မခ )
by Myit Makha Mediagroup on 2 Jan, 2013



မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ၊ ၆၅ x ၆၆ လမ်းကြားရှိ အိမ်ခန်းတွဲများအား မျက်နှာစာ(၃)ပေ ဖျက်ပေးရန် မန္တလေးမြို့တော်စည်ပင်မှ စာထုတ်အကြောင်းကြားခဲ့သော်လည်း အဆိုပါအိမ်ခန်းပိုင်ဆိုင်သူ များက ဖျက်ပေးရန် ဆန္ဒမရှိကြောင်းသိရသည်။
 
`` ကျမတို့ ဖျက်ပေးဖို့ ဆန္ဒမရှိပါဘူး ၊ ဒီတိုက်တန်းလျားတွေက ရဲဗဟိုရန်ပုံငွေအဖြစ် ဆောက်ထားတဲ့ဟာ တွေပါ ၊ ကျမတို့က ကန်ထရိုက်ဆီကနေ ၀ယ်ထားတဲ့အတွက် ကျူးတယ် မကျူးဘူးဆိုတာလဲ မသိပါဘူး ဟုအဆိုပါ တိုက်တန်းတွင်နေထိုင်သူ မမြတ်မြတ်လွင်က ပြောသည်။
 
 အဆိုပါ တိုက်တန်းလျားကို ပြည်ထဲရေးခွင့်ပြုချက်ဖြင့် ရဲရန်ပုံငွေရရှိရေးအတွက် ၁၉၉၈ ခုနှစ်ကတည်းကဆောက်လုပ်ရောင်း ချခဲ့ခြင်းဖြစ်ပြီး ထိုဆောက်လုပ်စဉ်ကတည်းက ကျူးကျော်ခြင်းမရှိသည့်အတွက် ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ၄င်းကဆက်ပြောသည်။

`` တကယ်ဆို အဲဒီကတည်းက ကျူးတယ် မကျူးဘူးဆိုတာ အဖြေရှိပြီးသားပါ၊ အခုကျမှကျမတို့ကို ဖျက်ပေးဖို့  စာထုတ်တာကတော့ တစ်မျိုးပဲ ´´ ဟု မမြတ်မြတ်လွင်က ပြောသည်။
 
မန္တလေးမြို့ရှိ လမ်း၃၀အား လမ်းချဲ့ထွင်ရာတွင် ယခုလို ကျူးသည်ဟုဆိုကာ မြို့တော်စည်ပင်မှ အဆောက်အအုံနှင့် ကုန်ရုံဌာနက စာအမှတ် ၁၈၀၁/၃-၅ အ (ထ-၁) /၂၀၁၂ ဖြင့် ဌာနမှူး လက်မှတ်ထိုးကာ ၂၀၁၃ ဇန်န၀ါရီ (၂)ရက်နေ့  နောက်ဆုံး ထား၍ ကျူးကျော်သည့် အစိတ်အပိုင်းကို ဖျက်သိမ်းပေးရန် အကြောင်း ကြားခဲ့ပြီး လိုက်နာမှုမရှိပါက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တရားစွဲဆို အရေးယူမည်ဖြစ်သည် ဟု တိုက်တန်းလျားနေသူများထံသို့ ပြီးခဲ့သည့်လ ဒီဇင်ဘာ(၂၈)ရက်နေ့ က အကြောင်းကြားစာပေးပို့ပြီးဖြစ်ကြောင်းကိုလည်း သိရသည်။
 
အဆိုပါကိစ္စနှင့်ပတ်သတ်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမျိုးအောင်အား ဇန်န၀ါရီလ(၁)ရက်နေ့ နေ့လည်(၃)နာရီခန့်က သွားရောက်တွေ့ဆုံမေးမြန်းရာ အကြောင်းကြားစာတွင် ၎င်းလက်မှတ်ထိုး ထားသည်မှာ မှန်သော်လဲ ထိုကိစ္စသည် ၎င်းနှင့်မသက်ဆိုင်ကြောင်း ငြင်းဆိုထားသည်။
 
အဲဒီကိစ္စကို ကျနော်မသိဘူး ၊ မြေယာနဲ့ပဲဆိုင်တဲ့အတွက် မြေယာကိုသွားမေးပါ လက်မှတ်ကတော့ ကျနော်ထိုးထား တာဟုတ်တယ်´´ဟု တိုက်တန်းလျားနေသူများထံပေးပို့ထားသော မြို့တော်စည်ပင်မှအကြောင်းကြားစာတွင် လက်မှတ်ရေး ထိုးထားသူ ဌာနမှူးဦးမျိုးအောင်က ဖြေကြားခဲ့သည်။
 
ရဲတပ်ဖွဲ့ဝင်များအတွက် ရန်ပုံငွေရရှိရန် လွန်ခဲ့သည့်(၁၅)နှစ်ကတည်းကရောင်းချထားခဲ့သောအဆိုပါတိုက်တန်းလျား တွင် အိမ်ခန်း (၁၄)ခန်းပါရှိပြီး မဖြစ်မနေ ဖျက်ပေးရမည် ဆိုပါက နစ်နာကြေးရရှိရန်ဆန္ဒရှိကြောင်းကိုလည်း လက်ရှိနေထိုင်နေသူများက ဆိုသည်။
 

SHARE THIS
Previous Post
Next Post