၁၉၉၄ ခုနှစ်တွင် ဒဂုံဆိပ်ကမ်းသို့ ပြောင်းရွှေ့ခံရသူများ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇန်နဝါရီ ၁၃။ ယနေ့ နံနက် ၉ နာရီအချိန်တွင် တာမွေမြို့နယ်၊မေတ္တာညွှန့် ရပ်ကွက်ရှိ မြန်မာ့ဂုဏ်ရောင် အိမ်ရာရှေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၈ ရပ်ကွက်တွင်း နေထိုင်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ၁၉၉၄ ခုနှစ်ခန့်တွင် ဝါဝါဝင်း ကုမ္ပဏီအပါအဝင် သက်ဆိုင်ရာ အာဏာပိုင် တို့ ပူးပေါင်း၍ ယခုဆန္ဒထုတ်ဖော်လျက်ရှိသော မြန်မာ့ဂုဏ်ရောင်ရပ်ကွက် တွင်နေထိုင်သူများအား ဒဂုံဆိပ်ကမ်းမြို့နယ်သို့ အဓမ္မပြောင်းရွှေ့ခြင်းခံရ သောကြောင့် အဆိုပါ နစ်နာမှုအား ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆန္ဒ ထုတ်ဖော်သူ ဒေါ်သိန်းကြည်က ပြောကြားသည်။ "သူတို့က ရေတပ်စစ်တန်းလျား ဆောက်မယ်လို့ ပြောပါတယ်။ တကယ် မဆောက်မှန်းသိလို့ အိမ်တွေ မဖြတ်ပေးဘူးပြောတဲ့အခါ မြို့နယ်အာဏာ ပိုင်တွေက ကိုယ်ကိုတိုင် မဖြတ်ပေးရင် ဘူဒိုစာနဲ့ ထိုးမယ်လို့ ပြောလို့ ကိုယ့် ဟာကို ဖြတ်ပေးလိုက်ရတာပါ" ဟု ဒေါ်သိန်းကြည်က ပြောကြားသည်။ အဆိုပါ ကိစ္စနှင့်ပက်သက်ပြီး "ကျွန်တော်တို့ကကျူးကျော်လဲမဟုတ်ဘူး။ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင်က ၇၆ ခုနှစ်မှာ မြေယာပြန်ချပေးထားတာ။ ဆောက်ဖြစ်အောင်ဆိုပြီး သွပ်တို့ သံတို့ ပေးသေးတယ်" ဟု ဦးတင်ဌေးက ဆိုသည်။ ဆက်လက်ပြီး ဆုံးရှုံးနစ်နာမှုအတွက် "လက်ရှိ မြန်မာ့ ဂုဏ်ရောင် ရပ်ကွက် မြေနေရာပေါ်မှာ အိမ်ခြေ ၇၇၁ လုံးအတွက် အစားထိုး တိုက်ခန်းတစ် ခန်းဆီ ပြန်လည် အစားထိုးပေးဖို့၊ ဒါမှမဟုတ် တိုက်ခန်းနဲ့ညီတဲ့ နစ်နာ ကြေးပေးဖို့ လိုတယ်" ဟု ၎င်းက ပြောကြားသည်။ အဆိုပါ ဆန္ဒပြမှုအား တရားဝင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နံနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ ဆန္ဒပြခွင့် ရရှိခဲ့ကြောင်း သိရသည်။ ထက်နောင်နောင် ဓာတ်ပုံ - မိုးလှိုင်ည The Myanma Age

SHARE THIS
Previous Post
Next Post