အရန်ဆန်တင်ဒါဖွင့်၍ ဆန်စပါးဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup on 15 Jan, 2013



ယခုအပတ်အတွင်း ရန်ကုန်ဈေးကွက်၌ ဆန်ကွဲ၊ဆန်ကြမ်း၊ဆန်ချောနှင့် စပါးဈေးနှုန်းများ ပြန်လည်မြင့်တက်လာသည်ဟု ဆန်စပါးကုန်သည်များထံမှ သိရသည်။
 
ဇန်န၀ါရီလ(၁၁)ရက်နေ့၌ ၂၅ မှတ်ဧည့်မထ ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၁၈၀၀ မှ ၁၂၅၀၀ ၀န်းကျင်၊ ဧည့်မထ ထိပ်စရှယ်  ငွေကျပ် ၁၄၆၀၀ မှ ၁၅၅၀၀ အထိမြင့်တက်လာပြီး၊ ရာကျော်ဆန် တစ်အိတ်လျှင် ၁၂၀၀၀ မှ ၁၂၅၀၀အတွင်း၊ ပေါ်ကျွဲတစ်အိတ်လျှင် ငွေကျပ် (၁၇၀၀၀)မှ(၁၇၅၀၀) ၀န်းကျင်၊ ပေါ်ဆန်း (အသစ်) တစ်အိတ်လျှင် ငွေကျပ်(၁၉၀၀၀)မှ (၂၃၅၀၀)၀န်းကျင်သို့ ရောက်ရှိနေ ခြင်းဖြစ်ကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရှိရသည်။
 
ဆန်ဈေးတွေကတော့ ပြန်တက်လာတယ်၊ စပါးကြမ်းပေါင် ၅၀ ကိုက်တင်းတစ်ရာကို ငွေ ၃၆၀၀၀၀ မှ ၃၇၀၀၀၀ နှုန်း ရှိတယ် ဟု ကျောင်းကုန်းနယ်မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။
 
ယခင် အဆိုပါ စပါးအမျိုးအစားများမှာ ပေါင်း ၅၀ကိုက် တင်းတစ်ရာလျှင် ကျပ် ငွေ ၃၄၀၀၀၀ မှ ၃၅၀၀၀၀ ၀န်းကျင်သာ   ဈေးရှိကြောင်းကိုလည်း သိရသည်။
 
၂၀၁၂ ခုနှစ် ဇန်န၀ါရီလဆန်းတွင် နိုင်ငံတော်မှအရန်ဆန်ဝယ်ယူရေး စတင်ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်စပါးထွက်ရှိချိန် ဒီဇင်ဘာလဆန်းမှာပင် အရန်ဆန်ဝယ်ရန် စတင်ဆောင်ရွက်ခဲ့ခြင်းနှင့် ဇန်န၀ါရီ ၁၀ ရက်နေ့၌ အရန်ဆန်တင်ဒါ ထပ်မံဖွင့်လှစ် ခဲ့ခြင်းကြောင့် ဆန်းစပါးဈေးနှုန်းများ ပြန်လည်မြင့် တက် လာရခြင်းဖြစ်သည်ဟု ဆန်ကုန်သည်တို့က ဆိုသည်။
 
ပေါ်ဆန်းဆန်အဟောင်းဈေးကွက်တွင် လက်ကျန်နည်းနေပြီး ၀ယ်လိုအားနည်းနေခြင်းကြောင့် တစ်အိတ်ငွေကျပ် ၃၀၀၀၀ ၀န်းကျင်ဈေးဖြစ်နေသော်လည်း စာသုံးသူအများစုမှာ  ပေါ်ဆန်း ဆန်အသစ်ကိုသာ ၀ယ်ယူမူများနေသည်ဟု ဆန်ဈေးကွက် အတွင်းမှ သိရှိရသည်။
 
ယခင်နှစ် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ဒုတိယပတ်အတွင်း ၂၅ မှတ် ဆန်တစ်အိပ်လျှင် ငွေကျပ် ၁၀၅၀၀ ၀န်းကျင်၊ ဧည့်မထ ထိပ်စရှယ် တစ်အိတ်လျှင် ကျပ် ၁၃၅၀၀ ၀န်းကျန် ပေါ်ဆန်းဟောင်း တစ်အိတ် လျှင် ငွေကျပ် ၃၀၀၀၀ အသစ် ၂၂၀၀၀ မှ ၂၆၀၀၀ ၊ ရွှေဘိုပေါ်ဆန်းအသစ်တစ်အိတ် ငွေကျပ် ၂၉၀၀၀ ၀န်းကျင်ဈေးရှိပြီး  စပါးကြမ်းပေါင် ၅၀ ကိုက် တင်း တစ်ရာလျှင် ကျပ် ၃၀၀၀၀၀ မှ ၃၂၀၀၀၀ ၀န်းကျင် ၊ ပေါ်ဆန်း စပါး ၅၂ခွဲ ပေါင်ကိုက် တစ်ရာလျှင် ၆၀၀၀၀၀ ခန့် ဈေးရှိခဲ့ကြောင်းကိုလည်း သိရ သည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ မြစ်ဝကျွန်းပေါ်ဒေသမှ စပါးများ ၀ယ်ယူလေ့ရှိပြီး စပါးကြမ်းဆိုပါက တစ်တင်းလျှင် ပေါင် ၅၀ နှုန်း၊ စပါးချောဆိုလျှင် ၅၂ ပေါင် ခွဲ ရှိကြောင်း  စပါးပွဲစားတို့ကဆိုသည်။
 
ပဲခူးတိုင်းအရှေ့ခြမ်းဒေသများတွင်သာ ကတ္တားကိုက်ဝယ်ယူလေ့ရှိသဖြင့် ၄၆ ပေါင်နှုန်းဖြင့် တွက်ချက်ဝယ်ယူလေ့ရှိကြောင်း ကိုလည်း သိရှိရသည်။
 

SHARE THIS
Previous Post
Next Post