ရန်ကုန်မှ
တောင်ကုတ်သို့ ထွက်ခွာသွားသော ခရီးသည်တင် အောင်သစ္စာလေအိတ်ကားသည်
တောင်ကုတ်မြို့မရောက်ခင် မိုင်သုံးဆယ်အလို နေပူတောင်တွင် တိမ်းမှောက်ပြီး
ချောက်ထဲကျ၍ သေဆုံး၊ ဒဏ်ရာရသူများရှိခဲ့ကြောင်း
အောင်သစ္စာကားဂိတ်(တောင်ကုတ်မြို့ )မှ သတင်းရရှိသည်။
"အခုအချိန်ထိတော့ ဘယ်နှယောက်သေတယ်လို့ ပြောလို့မရသေးဘူး။ တောင်ကုတ်နာရေးကား သွားကြိုတာ တစ်စီးပဲ ရောက်သေးတယ်။ လူနာ ၁၆ ယောက်ကိုတော့ ဆေးရုံပို့ထားတယ်" ဟု ယင်းဂိတ်မှ ၀န်ထမ်းတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားရာသို့ တောင်ကုတ်မြို့ပေါ်မှ နာရေးကားသုံးစီး သွားရောက်ကူညီခဲ့သည်။ လောလောဆယ် ခရီးသည်နှစ်ဦး၊ ယာဉ်မောင်းတစ်ဦးသေဆုံးကြောင်း သတင်းရရှိပြီး၊ ဒဏ်ရာရသူ ခရီးသည် ၃၁ ဦးရှိကြောင်း တောင်ကုတ်မြို့နာရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးနှင့် တောင်ကုတ်မြို့နယ် ပြန်/ဆက် ဦးစီးမှူးတစ်ဦးတို့က ပြောသည်။
ယင်းခရီးသည်တင်လေအိတ်ကားတွင် ရန်ကုန်မှ ခရီးသည် ၃၄ ဦး လိုက်ပါသွားသည်ဟု အောင်သစ္စာကားဂိတ်မှ သိရှိရကာ ခရီးသည်မည်မျှ ထိခိုက်ဒဏ်ရာရရှိပြီး မည်မျှသေဆုံးသည်ကို 7Day News က စုံစမ်းလျက်ရှိပြီး ဆက်လက်ဖော်ပြပေးပါမည်။
7Day News Journal

SHARE THIS