ဆရာဇော်ဂျီ၏ “ပန်းခဲ့သည်ပဲ”

January 3, 2013Home, ဆောင်းပါး မောင်ချိုဝေသည်ကဗျာများကိုနှစ်သက် မွေ့လျှော်စွာကြီးပြင်းလာသူဖြစ်ပါသည်။ အလယ်တန်းကဗျာလက်ရွေးစင်၊ အထက်တန်းကဗျာလက်ရွှေးစဉ်စာအုပ်များထဲမှ ကဗျာများကို ဆရာနှင့် မသင်ရခင်ကတည်းကအလွတ်ရပါသည်။ ဆရာဇော်ဂျီ၏ “ဗေဒါလမ်းကဗျာများ၊” ဆရာမင်းသုဝဏ်၏ “ပန်းနှင့် ပင်စည်ကဗျာများ၊” “သပြေညို နှင့် အခြားကဗျာများ”၊ ဆရာတင်မိုး၏ “ဖန်မီးအိမ်ကဗျာများ၊” “လှေတစ်စင်းနှင့် သီချင်းသည်ကဗျာများ” မှာယနေ့တိုင် မောင်ချိုဝေမက်တစ်စက်စက်သိမ်းဆည်း ခဲ့သောကဗျာများဖြစ်ခဲ့ပါသည်။ အခြား သော ဆရာမောင်စွမ်းရည်၊ ဆရာပျဉ်းမ နားမောင်နီသင်း၊ ဆရာတက္ကသိုလ်မင်းမော်၊ ဆရာ မင်းယုဝေ၊ အဖိုးသခင်ကိုယ်တော် မှိုင်းစသည့်မောင်ချိုဝေရှာဖွေဖတ်ရသော ကဗျာဆရာကြီးများလည်းရှိပါသေးသည်။ ကဗျာဟူသောအနုပညာပစ္စည်းသည် ကဗျာဆရာ၏ဘ၀ရပ်ဝန်းနှင့် အတွေးကွန် ယက်တို့မှထုဆစ်ထားသည့် အလင်းပွင့် များဖြစ်ပါသည်။ ထိုအလင်းပွင့်များသည် ကဗျာမွေ့သူ၏ဘ၀ရေး၊ ဘ၀အတွေးနှင့် တိုက်ဆိုင်သောအခါပို၍ လင်းလက်လာ တတ်ပါသည်။ သည်ကနေ့မောင်ချိုဝေ ဆရာဇော်ဂျီ၏ဗေဒါလမ်းကဗျာစုများမှာ “ပန်းခဲ့သည်ပဲ” ကဗျာကိုအမှတ်တရဖြစ်နေ မိသည်။ ဆရာကြီးဇော်ဂျီကိုလည်း ဦးခိုက် မိသည်။ ဆရာကြီးဇော်ဂျီဆိုသည်က လူတို့၏ စရိုက်ကိုသဘောဝရမြေတို့မှရှာ ဖွေတွေ့နိုင်စွမ်းသူဖြစ်ပါသည်။ ဆရာကြီးသည်လူ့ရပ်၊ လူ့ရွာ၊ လူတို့ ဘ၀တွင် မြင်ရသော အဖြစ်၊ အပျက်၊ အတက်၊ အဆင်းတို့ကို မြစ်ဝကျွန်းပေါ် ဒေသကချောင်းငယ်တစ်ခုတွင်မြင်ရသည့် ဒီရေအတက်အကျနှင့် နှိုင်းဆတွေးမြင်ခဲ့ ပါသည်။ ဒီရေအတက်၊ အကျတွင်စုန်နေရ၊ ဆန်နေရသော ဗေဒါပန်း၏အမှုအရာ၊ ကျူရိုးရှင်၏အမူအရာ၊ ဒီချောင်းဝန်းကျင် တွင်ရှိသည့် သက်ရှိ၊ သက်မဲ့တို့၏ အမူ အရာများကိုဥပစာသဘောတင်စား၍ဖွဲ့ ဆိုပါသည်။ ဆရာကြီးဖွဲ့ဆိုခဲ့သည့်ဗေဒါ လမ်းကဗျာစုများသည်လူ့ဘ၀၊ လူ့ခရီး၏ ပုံရိပ်များသာဖြစ်ပါသည်။ ဆရာကြီး၏ “ပန်းခဲ့သည်ပဲ” ကဗျာ သည် မည်သည့်လူ့ဘ၀သရုပ်ဖြစ်ပါသနည်း။ ဆရာကြီးက “ကဗျာ့သဘောနှင့် ကဗျာ့ ရည်ရွယ်ချက်” ဆောင်းပါးတွင်ရေးသား တင်ပြခဲ့သည်။ ပန်းခဲ့သည်ပဲကဗျာကိုဆရာ ကြီးရလာသည်က ထိုကာလသတင်းစာ များတွင်ပါသည့် မြန်မာတို့၏အကွဲအပြဲ၊ အထိုးအနှက်နှင့် အချင်းချင်းအားပြိုင်နေ ကြသည့်သတင်းများကိုဖတ်ရသဖြင့်စိတ် မောမိရာမှ ဖြစ်သည်ဟုဆိုပါသည်။ ဆရာ ကြီးသည် လူ့ဘာဝအစိုးမရခြင်းကိုနှလုံး သွင်းမြဲသူဖြစ်သည်။ အဖွဲ့အစည်းများကွဲ ကြ၊ ပါတီများကွဲကြ၊ လွှတ်တော်အတွင်း ကွဲကြ။ ကွဲရုံသာမက။ တစ်ကွဲကတစ်ကွဲ ကိုကဲ့ရဲ့။ တစ်ကွဲတစ်ကွဲကိုထိုးနှက်။ ခက်ကြပြီ။ ထိုသူတို့၏နိုင်ငံရေးဘ၀သက်တန်း ကိုဆရာကြီးမြင်သည်။ ထိုသူတို့၏အနတ္တ ခရီးကိုဆရာကြီးမြင်သည်။ ထိုမှဖြစ်သော ဂရုဏာတို့ကြောင့်ပင် “သူ့ကိုယ်သူလျှင် ဘာထင်လေမသိ” ဟူသည့်ကဗျာပိုဒ်လေး တစ်ခုရင်မှရုန်းကြွလာသည်။ တစ်ချိန်တည်း၌ ဆရာကြီး၏ရှေ့ မှောက်တွင် ကျွမ်းကိုသာပစ်၍ပစ်၍နေ သော ငါးပျံကိုလည်းကောင်း၊ ခုနှစ်သံ တက်၍ဟစ်ကာဟစ်ကာနေသော ဘုတ် ငှက်တို့၏အမူအရာတို့သည် ဆရာကြီး၏ ကဗျာပစ္စည်းများဖြစ်လာတော့သည်။ ဆရာကြီးက အစွမ်းတပြပြနှင့် အသံ ကျယ်ကျယ်အော်နေသူတို့အားသူတို့မာ နကိုသတိရအောင်ပြောပြလိုသည်။ ဗေဒါ လမ်းကဗျာများ၏ ပင်တိုင်ဇာတ်ဆောင် တစ်ဦးဖြစ်သော ကျူရိုးရှင်ကိုထိုရာထူးအပ် နှင်းလိုက်သည်။ ကျူရိုးရှင်ကိုပြောစေ သည်။ “သူ့ကိုယ်သူလျှင် ဘာထင်လေမသိ။ ဘယ်ပြောင်းညာပြန်နဲ့ ဟိုငါးပျံ လတာစွန်းမှာ သူ့ကျွမ်းသံ ချည့်။ သူ့ကိုယ်သူလျှင် ဘာထင်လေမသိ။ ဘုတ်မခုနှစ်သံနဲ့ တညံညံလတာစွန်းမှာ သူ့လွမ်း သံချည့်။” ကျူရိုးရှင်ကပြောပါသည်။ ဆရာကြီး သည်ပင်လျှင်ကျူရိုးရှင်ဖြစ်ပါသည်။ ဆရာ ကြီးကဂရုဏာဖြင့်ပြောသာပြောလိုက်ရ သည်စိတ်လုံဟန်မတူ။ ဤသို့သောနိုင်ငံ့ ထိပ်တန်းအဖွဲ့အစည်းကြီးများကွဲခြင်း၊ တစ်ဦးနှင့် တစ်ဦးကဲ့ရဲ့ကြခြင်းကိုရေးမိ သည့်အတွက် ကဗျာဒေါသသင့်သည်ဟု မြင်ဟန်ရှိသည်။ သူတစ်ပါးကိုရှုတ်ချသည် သို့ဖြစ်နေသည်။ ဆရာကြီးသည်မိမိကိုယ် ကိုပြန်စမ်းစစ်သည်။ မိမိကရော ဘာပါ နည်း။ သည်လိုနှင့် ကဗျာပုံကြမ်းကိုရပ် ထားလိုက်ကြောင်းဖော်ပြပါသည်။ ယခုအခါမောင်ချိုဝေ၏အာရုံတွင် ကျွမ်းကိုသာ ပစ်၍ပစ်၍နေသော ဘုတ် ငှက်များကိုမြင်နေရသည်။ သူတလူငါတမ်း အစွမ်းတပြပြလုပ်နေသည်ကိုမြင်နေရ သည်။ တစ်ချိန်ချိန်တွင် ၀ုန်းကနဲထတောက် အံ့သော ပြာဖုံးမီးခဲကိုမြင်နေရသည်။ နိုင်ငံရေးမတည်ငြိမ်မှုကို အပေါ်ထပ်မှ အစမပြုကြပါနှင့်ဟုသတိပေးချင်နေသည်။ ဆရာကြီးဇော်ဂျီသာမောင်ချိုဝေ၏အာရုံ တို့ကိုသိခဲ့လျှင်” သူ့ကိုယ်သူလျှင် ဘာထင် လေမသိ” ဟုဂရုဏာဒေါသောနှင့်ပြောဦး မည်ထင်သည်။ ဆရာကြီးကား အာဂစာရေးဆရာ ဖြစ်သည်။ အာဂကဗျာဆရာဖြစ်သည်။ နိုင်ငံအရေး၊ နိုင်ငံအဖြစ်အပျက်၊ နိုင်ငံ၏ အက်ကြောင်းများ၊ နိုင်ငံရေးလောက၏ မာနများကို ဒီရေချောင်းလေးထဲတွင် ညင်သာစွာစီးမျှောပြစ်နိုင်သည်။ ကာယကရှင်များဖြစ်ကြသည့် ငါးပျံ နှင့်ဘုတ်ငှက်တို့သည်လည်းကောင်း၊ သူ့မူ ရာသူ့အတင်းကိုပြောဆိုချင်သောကျူရိုးရှင် သည်လည်းကောင်း ဗေဒါကိုစာနာကြစေ ချင်သည်။ နိုင်ငံရေးဘ၀ဒီရေနှင့် အတူ စုန်ချီဆန်ချီမြောပါနေရသည့်ဗေဒါဟူသော ပြည်သူတို့ကစိုးရိမ်ပင်ပန်းနေပါပြီဟု ကဗျာကိုပြည့်စုံစေပါသည်။ ကြည့်လှလည့်။ ပန်းခဲ့သည်ပဲ နေလုံးရယ်နီ တိမ်ပန်းချီ နေသွေးနဲ့ နတ်ရေးသည် သို့။ ဒီအကျပေမို့ အလှလတာပြင်က ကျူရိုးရှင်လှေ ကလေးနဲ့ မျှော်ငေးလိုလို့။ သူ့ကိုယ်သူလျှင် ဘာထင်လေမသိ။ ဘယ်ပြောင်းညာပြန်နဲ့ ဟိုငါးပျံ လတာစွန်းမှာ သူ့ကျွမ်းသံ ချည့်။ သူ့ကိုယ်သူလျှင် ဘာထင်လေမသိ။ ဘုတ်မခုနှစ်သံနဲ့ တညံညံ လတာစွန်းမှာ သူ့လွမ်းသံ ချည့်။ အိုအချင်းကျူရိုးရှင်။ သူ့မူရာ သူ့အတင်း မင်းဆိုခဲ့စဉ်။ မင်းကိုလည်းမင်းပင်လျှင် ဘာထင်လို့လေလဲ။ မဗေဒါစုန်ဆန်လမ်းမှာ ပန်းခဲ့သည် ပဲ။ ဆရာကြီးဇော်ဂျီ၏ “ပန်းခဲ့သည်ပဲ” ကဗျာမှသံဝေဂတစ်စရကြမည်ထင်ပါ သည်။ ဆရာကြီး၏ မျှတစွာမြင်တတ်သော နှလုံးသားကိုအတုယူနိုင်ကြမည်ထင်ပါ သည်။ ဟုတ်ပါသည် ဆရာကြီးပြောသကဲ့သို့ ပင်ဗေဒါတည်းဟူသောပြည်သူတို့အစုန် အဆန်လမ်းမှာပင်ပန်းလှပါပြီ။ မောင်ချိုဝေ အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post