နယ်မြေမတည်ငြိမ်မှု ဆင်းရဲမွဲတေမှုတို့ကြောင့် ဘိန်းစိုက်ပျိုးမှု ပြန်များလာ


၂၀၁၂ တွင် ဘိန်းစိုက်ဧရိယာ ၅၁၈၀၀ ဟက်တာရှိပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်


ရန်ကုန်၊ဇန်န၀ါရီ-၅

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ပြန်လည်များပြားလာခြင်း၏ အဓိကအကြောင်းရင်းများတွင် ဒေသခံတောင်သူများ၏ ဆင်းရဲမွဲတေမှုနှင့် နယ်မြေမငြိမ်းချမ်းမတည်ငြိမ်မှုတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

၂၀၀၅ ခုနှစ်က ဘိန်းစိုက်ပျိုးမှုကို အနိမ့်ဆုံးသို့ လျှော့ချနိုင်ခဲ့သော်လည်း ၂၀၀၆ မှစ၍ နှစ်စဉ်ဘိန်းစိုက်ပျိုးမှုနှုန်း တိုးလာရာ ၂၀၁၂ ခုနှစ်တွင် တစ်နိုင်ငံလုံး ဘိန်းစိုက်ဧရိယာ ၁၂၈၀၀၀ ဧက (၅၁၈၀၀ ဟက်တာ/ ၁ ဟက်တာလျှင် ၂ ဒသမ ၄၇၁၀၅ ဧကရှိသည်)ရှိပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်သောနိုင်ငံ ဖြစ်လာသည်။

“ဘိန်းစိုက်ပျိုးမှုတိုးလာရခြင်းမှာ ဒေသခံတောင်သူများ၏ ဆင်းရဲမွဲတွေမှု၊ အစားအစာမဖူလုံမှု၊ ၀င်ငွေရရှိသည့် တရားဝင်သီးနှံများ စိုက်ပျိုးရန်နှင့် သီးနှံထွက်ကုန်များ ဈေးကွက်သို့ရောက်ရှိရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ နယ်မြေအတွင်း မတည်ငြိမ်မှုများကြောင့် အလွယ်တကူစိုက်ပျိုးဖြစ်ထွန်းပြီး ၀င်ငွေရလွယ်သည့် ဘိန်းစိုက်ပျိုးမှု ပြန်လည်ရှင်သန်လာခြင်းဖြစ်ပါသည်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က 7Day News ၏ မေးမြန်းမှုကို အွန်လိုင်းမှတစ်ဆင့် စာရေးသား၍ ပြန်ဖြေသည်။

တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုမရှိသော ဒေသများတွင် ဘိန်းစိုက်ပျိုးမှုတိုးနေကြောင်း UNODC (ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး)မှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဂျေဆင်အဲလစ်ရှ်ကလည်း ၂၀၁၂ အောက်တိုဘာလကုန်ပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အရင်က တစ်သီးတည်းစိုက်တာ။ အခု နှစ်သီးတောင်စိုက်လာပြီ။ ပိုဆိုးလာတယ်”ဟု ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်မှ ဒေသခံတစ်ဦးကလည်း ၎င်းနေထိုင်ရာဒေသရှိ ကျေးရွာအချို့တွင် ဘိန်းပိုစိုက်လာခြင်းကို ပြောသည်။

ပြည်တွင်း၌ ဘိန်းအများဆုံးစိုက်ပျိုးသော ဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး စိုက်ပျိုးမှုအားလုံး၏ ၉၀ ရာခိုင်နှုန်းရှိသည်။ အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု ပမာဏအားလုံး၏ ၅၀ ရာခိုင်နှုန်းကို စိုက်ပျိုးနေကာ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ၂၀၁၂ တွင် ဘိန်းစိုက်ပျိုးမှု ထူးထူးခြားခြား တိုးလာခဲ့သည်။ တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ်တွင်လည်း ပြည်တွင်းဘိန်းစိုက်ပျိုးမှုဧရိယာ၏ ၁၀ ရာခိုင်နှုန်း စိုက်ပျိုးနေကြောင်း UNODC က ၂၀၁၂ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်းတွင် ဖော်ပြထားသည်။

၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုဧရိယာ စုစုပေါင်း ၁၆၃၀၀၀ ဟက်တာ (၄၀၂၇၀၀ ဧကကျော်)အထိရှိခဲ့ပြီး၊ ၂၀၀၅ ခုနှစ်တွင် ၂၁၅၀၀ ဟတ်တာ (၅၃၀၀၀ ဧကကျော်)အထိ လျှော့ချနိုင်ခဲ့ကာ ၂၀၀၆ နောက်ပိုင်း ပြန်တိုးလာပြီး ၂၀၁၁ တွင် ၄၃၆၀၀ ဟက်တာ (၁၀၇၇၀၀ ဧကကျော်) ရှိလာသည်။ ထို့ကြောင့် ၂၀၁၂ မှ ယခင်နှစ်ကထက် ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်းတိုးခဲ့ပြီး ဘိန်းစိမ်းထုတ်လုပ်မှုတွင် တန်ချိန် ၉၆၀ ရှိကာ ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း တိုးခဲ့ကြောင်း UNODC က ထုတ်ပြန်သည်။

အရှေ့တောင်အာရှတွင် ဘိန်းစိုက်ပျိုးမှုဧရိယာ၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိနေသော မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုလျော့ကျရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အဓိကစိန်ခေါ်မှုများမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသော နယ်မြေများတွင် အထက်ပါလုပ်ငန်းကို ထိရောက်စွာ မပြုလုပ်နိုင်ခြင်း၊ နယ်မြေမတည်ငြိမ်မှု၊ တရားဥပဒေမစိုးမိုးမှု၊ ဒေသခံများအတွက် တရားဝင်သီးနှံများမှာ စားဝတ်နေရေးအတွက် အခက်အခဲရှိနေမှုဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဆိုသည်။ ထို့အပြင် အချို့ဘိန်းစိုက်တောင်သူများကိုယ်တိုင် ဘိန်းစွဲနေသဖြင့် ၎င်းတို့ကိုယ်တိုင်သုံးစွဲရန် စိုက်ပျိုးမှုမစွန့်လွှတ်နိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြောသည်။ ပြည်တွင်းမူးယစ်ဆေးဝါးသုံးစွဲမှုတွင်လည်း ဘိန်းစိမ်း၊ ဘိန်းဖြူ သုံးစွဲမှုအများဆုံး ဖြစ်သည်။

အစိုးရက မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မူးယစ်ဗဟိုရုံးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးဌာနကို ဖွင့်လှစ်ပြီး UNODC အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊ တရုတ်၊ ထိုင်းတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၁၉၉၉-၂၀၀၀ မှ ၂၀၁၃-၂၀၁၄ အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကိုလည်း ၂၀၁၉ အထိ ငါးနှစ်ထပ်တိုးခဲ့ပြီး၊ ဘိန်းစိုက်ပျိုးမှုလျှော့ချရန် ငြိမ်းချမ်းရေးရရှိထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားထားသည်။ ၁၉၉၀ မှ ၂၀၁၂ ထိ ဒေါ်လာသန်း ၁၈၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးခဲ့သည်ဟုလည်း ဆိုသည်။

မှ 7Day News Journal

SHARE THIS
Previous Post
Next Post