ထီပေါက်ကြ သူတိုင်း ထီဆုငွေ ခံစား နိုင်ကြပါစေ


မကြာခဏ ဆိုသလိုပင် နိုင်ငံပိုင် သတင်းစာ များတွင် ထိုကြော်ငြာ များကိုတွေ့မြင် ဖတ်ရှု နေပါသည်။ အဆိုပါ ကြော်ငြာများကို တွေ့မြင်ဖတ်ရှု ရတိုင်းလည်း စိတ်မကောင်းစွာ ခံစား မိပါသည်။ ကြော်ငြာမှာ အောင်ဘာလေထီ ပေါက်ပါလျက်နှင့် မိမိတို့ ပေါက်သော ထီဆုငွေ များကို လာမထုတ်၍ သတ်မှတ်ရက် အတိုင်း လာရောက်ထုတ်ယူ ကြပါရန်နှင့် အကယ်၍ လာရောက် ထုတ်ယူခြင်း မပြုပါက ပြည်သူ့ ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်းမည် ဟူသော ကြော်ငြာချက်ပင် ဖြစ်သည်။

အောင်ပါလေ ထီဆု ဆိုသည်မှာ လွန်စွာမှပင် ပေါက်ခဲ လှပါသည်။ အလွန့်အလွန် ကံကောင်း မှသာ ပေါက်တတ် ကြပါသည်။ ထီပေါက်၍ ရသောငွေ မှာ သန့်ရှင်း စင်ကြယ်သဖြင့် ၉ဝ ရာခိုင်နှုန်းသော ထီပေါက်ကြ သူများမှာ လှူရေး တန်းရေးကို ဦးစားပေး လုပ်ဆောင်ကြလေ့ ရှိကြပါသည်။ ထိုလှူရေး တန်းရေး ကိစ္စရပ်များ ပြီးစီးမှသာ မိမိတို့၏ စီးပွားရေးကို ဆောင်ရွက် ကြသည်ချည်းပင် ဖြစ်ပါသည်။

ထို့ကြောင့် ထီထိုးကြ သူတိုင်း ထီပေါက်ချင် ကြပါသည်။ ထီပေါက်၍ ထီဆုငွေ များကို ခံစား ချင်ကြပါသည်။ သို့သော် အထက်ပါ ကြော်ငြာချက် အရ ထီထိုး ထီပေါက်သော်လည်း ထီဆုငွေ မခံစား ရကြောင်း သိရှိ နိုင်ပါသည်။ ထိုပေါက်ခဲသော ထီသည် ပေါက်မှန်း မသိ၍ ထီဆုငွေ မခံစားရသော အဖြစ်ကား လွန်စွာမှ နစ်နာ ရပါသည်။

ဦးစွာ စာရေးသူ၏ ကိုယ်တွေ့ဖြစ်ရပ် ကလေးကို ပြောပြ ချင်ပါသည်။ စာရေးသူ အလုပ် လုပ်သော ဌာနနှင့် ထီဆိုင်မှာ ကိုက် ၅ဝဝ မျှလောက်သာ ဝေးမည်ဖြစ်၍ လှမ်း၍ပင် မြင်ရသော အနေအထား ဖြစ်ပါသည်။ စားရေးသူလည်း ထီထိုး ဝါသနာ ပါ၍ လစဉ် ဆိုသလို ထိုထီဆိုင်၌ ထီထိုးလေ့ ရှိပါသည်။ တစ်ခါတော့ ဆုသေးသေးလေး တစ်ဆုပေါက်သည်။ သို့သော် ထီဆိုင်မှ အကြောင်း မကြား၍ မသိရ သလို စာရေးသူလည်း ထိုထီဆိုင် ဘက်သို့ မရောက်၍ ထီပေါက်ကြောင်းကို မသိရှိ ရပါ။ လဝက် ကျိုးလောက်မှ ထီပေါက်ကြောင်း သိရသည်။ မိတ်ဆွေ တစ်ယောက်မှ ထိုထီဆိုင် ရှေ့တွင် ထီပေါက်သူများ အမည် စာရင်းကို မြင်တွေ့ခဲ့၍ လာပြောမှ သိရပါသည်။ စာရေးသူလည်း ထိုထီဆိုင်သို့ သွား၍ ထီပေါက်ပါ လျက်နှင့် ဘာကြောင့် အသိမပေး အကြောင်းမကြား ရသနည်းဟု မေးမြန်းရာ ထိုအခါ ''ထီဆုသေးများ ဆိုလျှင် အကြောင်းမကြား'' ပါဟု ပြော ၍ အောင့်သက်သက် ခံစား ခဲ့ရပါသည်။

တချို့သော ထီဆိုင်များကား တာဝန် ကျေကြပါသည်။ ဆိုင်ရှေ့တွင် ''ထီပေါက်ပါက အိမ်တိုင်ရာရောက် အကြောင်း ကြားပါမည်'' ဟူသော စာတန်း ချိတ်ဆွဲထား သလို တကယ်လည်း ဆုကြီးကြီး၊ ဆုသေးသေး အကြောင်းကြားကြ ပါသည်။ ထီဆိုင် အားလုံးသည် ထီတစ်စောင် အပေါ် အမြတ်တင် ၍ ရောင်းချ ကြပါသည်။ နိုင်ငံတော်မှ ထီတစ်စောင်လျှင် ငွေကျပ် ၂ဝဝ နှုန်း ဖြစ်သော်လည်း ထီဆိုင်များမှ ရောင်းတော့ ထီတစ်စောင်လျှင် ငွေကျပ် ၃ဝဝ၊ ၃၅ဝ နှင့် ၄ဝဝ ရောင်းချ နေကြပါသည်။ (စာရေးသူ ကိုယ်တိုင်ပင် ထီတစ်စောင်လျှင် ငွေကျပ် ၄ဝဝ နှုန်းနှင့် ဝယ်ယူ ကံစမ်းခဲ့ရ ဖူးပါသည်။)

ထီထိုးကြ သူများသည် တစ်ဖက်သားကို ယုံစား လွယ်ကြပါသည်။ ထို့ကြောင့်လည်း ထီဆိုင် များမှ ထီပေါက်လျှင် အိမ်တိုင်ရာရောက် အကြောင်း ကြားပါမည် ဟူသော ကြော်ငြာထားချက် စာကို ယုံစားကြပြီး ထီပေါက်စဉ်နှင့် မတိုက်ဘဲ နေသည်။ ထီပေါက်သော်လည်း ထီဆိုင်မှ အကြောင်း မကြား၍ မသိရှိရ သလို ထီပေါက်စဉ်နှင့် မတိုက်၍လည်း ထီပေါက်ကြောင်း မသိရ။ ထို့ကြောင့် လွန်စွာ ပေါက်ခဲလှသော ထီ၊ ထီပေါက်သော်လည်း ထီပေါက်မှန်း မသိရဘဲ (ထီဆုငွေ မခံစားရဘဲ) နိုင်ငံတော်၏ ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်းခြင်းကို ခံရ ပါတော့သည်။ ထို့ကြောင့် ထီဆိုင်တော်တော် များများတွင် ရေးသားထားသော ''ထီပေါက်လျှင် အကြောင်း ကြားပါမည်'' ဆိုသော စာကို ယုံယုံ၊ မယုံယုံ မိမိတို့ ထိုးထားသော ထီလက်မှတ်ကို ထီပေါက်စဉ်နှင့် တိုက်သင့်ပါသည်။ တိုက်ကြပါ ဟူ၍လည်း တိုက်တွန်း လိုပါသည်။ နောက် ထီထိုးကြ သူများ၏ လိုအပ်ချက်မှာ မိမိတို့ ထီထိုး ထားသော ထီလက်မှတ်ကို သေသေချာချာ သိမ်းဆည်းကြခြင်း မရှိ၍ ပျက်စီးခြင်း၊ ပျောက်ရှခြင်း၊ ရှာမတွေ့ ခြင်းများ ရှိနေပါသည်။ ထိုသို့သော အဖြစ်ကြောင့် ထီဆိုင်မှ အကြောင်းကြား၍ ထီပေါက်မှန်း သိရသော်လည်း ထီလက်မှတ် မရှိ (မတင်ပြနိုင်)၍ ထီဆုငွေကို ခံစားနိုင်ခြင်း မရှိတော့ ပါပေ။

အမှန်တော့ ထီဆိုင် (သို့မဟုတ်) ထီထိုးကြ သူများမှ ကိုယ်စီကိုယ်စီ တာဝန် ကျေကြမည် ဆိုလျှင် ထီထိုး၍ ထီပေါက်ကြ သူတိုင်း ထီဆုငွေကို ခံစား နိုင်ကြမည် ဖြစ်ပါသည်။ ထီပေါက် ကြသူများ အားလုံးတို့သည် ထီဆုငွေ များကို ရရှိခံစား နိုင်ကြပါစေ ဟူ၍ ဆုတောင်း လိုက်ရပါ သည်။

မှ မြ၀တီ


 

SHARE THIS
Previous Post
Next Post