ဖွန်လွန်ယန်စခန်းသို့ စစ်ပြေးဒုက္ခသည်များ ထပ်မံရောက်ရှိ


ထိန်နိုင် စားဘောက်
by Myit Makha Mediagroup on 22 Jan, 2013


 ကချင်ပြည်ဒေသထဲတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လိုင်ဇာမြို့အနီး ဖွန်လွန်ယန်ဒုက္ခသည် စခန်းသို့  ဒုက္ခသည် (၂၀၀)၀န်းကျော် ထပ်မံရောက်ရှိလာသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။
 
၎င်းဒုက္ခသည်များမှာ လိုင်ဇာအနီးတစ်ဝိုက်ရှိ ကွန်ဘာယန်၊ ဆအစ်ယန်၊ မွန်းဆိုင်ယန်စသည့် ကျေးရွာများမှဖြစ်ပြီး   ကျေးရွာ အတွင်းသို့ လက်နက်ကြီးများ မကြာခဏ ကျရောက်မှုကြောင့် ယခုကဲ့သို့ အိုးအိမ်စွန့်ခွာ၍ တိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
 “ပြေးလာတော့ ဘာပစ္စည်းမှ များများစားစား မပါခဲ့ဘူး။ ကျွဲး၊နွားနဲ့ အိမ်ပစ္စည်းတွေကိုလည်း ဒီအတိုင်းပဲ ထားရစ်ခဲ့ရတယ် ဟု  ဒုက္ခသည်တစ်ဦးက ပြောသည်။
 
ဖွန်လွန်ယန်ဒုက္ခသည်စခန်းတွက် စစ်ပြေးဒုက္ခသည်(၂)ထောင်ခန့်ရှိပြီး လိုင်ဇာမြို့မှ (၉)မိုင်ခန့် ကွာဝေးသည်။
 
လက်နက်ကြီးပေါက်ကွဲသံများကို  ဒုက္ခသည်စခန်းမှ ကြားနေရကြောင်းကိုလည်း ဖွန်လွန်ယန် စခန်းတာဝန်ရှိသူတစ်ဦးထံက သိရသည်။
 
ဒုက္ခသည်စခန်းမှာ နေထိုင်ပေမယ့်လည်း မကြာခဏ တိုက်ပွဲသံ ဗုံးသံ အမြောက်သံတွေကြောင့် ကျီးလန့်စာ စားသလို   နေထိုင်ရပါတယ် ” ဟု ဖွန်လွန်ယန်စခန်းမှ  ဦးတန်ကူးက ပြောသည်။
 
တိုက်ပွဲများပြင်းထန်သောကြောင့် လိုင်ဇာဒေသရှိကျေးရွာများမှ လူတချို့က တရုတ်နိုင်ငံဘက်သို့လည်း ထွက်ပြေး တိမ်းရှောင်သွားကြသည်ဟု ဒေသခံတို့က ဆိုသည်။
 
မြန်မာနိုင်ငံတော်သမ္မတက ယခုလ (၁၈)ရက်နေ့တွင် ကချင်ပြည်နယ် လဂျားယန်ဒေသတွင် ထိုးစစ်များကို ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
 
  “၁၉ ရက်နေ့မှာ တိုက်ပွဲဖြစ်တယ်။ မိုင်ဂျာယန် မန်ဝန်းဘက်။ ခရာတောင်နဲ့ ကမိုင်းတို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ တိုက်ပွဲက လဂျန်းယန်မှာဘဲ မဟုတ်ဘူး။ ကချင်ပြည်နယ် တစ်ခုလုံးနီးပါး ဖြစ် နေတာပါ ဟု ရှေ့တန်းစစ်မြေပြင်ရောက် ကေအိုင်အေ အရာရှိတစ်ဦးက ပြောသည်။
 
ကေအိုင်အေကလည်း ယခုလ (၁၉) ရက်နေ့စွဲဖြင် ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်၌ လဂျားယန်ဒေသ တစ်ခုတည်းမဟုတ် ချင်ပြည်နယ်တစ်ခုလုံးတွင်ရှိနေသော ထိုးစစ် လျှော့ချ သင့်ကြောင်း ဖော်ပြထားသည်။
 
ယခုလက်ရှိတွင် ကချင်ပြည်နယ်အတွင်း၌ စစ်ပြေးဒုက္ခသည်ဦးရေ တစ်သိန်းကျော်ရှိနေပြီဖြစ်သည်။
 
မြန်မာအစိုးရနှင့် ကေအိုင်အေ တို့သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့သော်လည်း ၂၀၁၁ ဇွန်လ ၉ ရက်နေ့ကစပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 

SHARE THIS
Previous Post
Next Post