လှည်းတန်း ခုံးကျော် တံတား ၂ဝ၁၃ ဧပြီတွင် စမ်းသပ် သွားလာ နိုင်မည် တည်ဆောက်ရေး လုပ်ငန်းများ ၇ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေ

လှည်းတန်း ခုံးကျော် တံတား တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက် နေမှုကို တွေ့ရစဉ်။  
လှည်းတန်း ခုံးကျော် တံတား တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက် နေမှုကို တွေ့ရစဉ်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ စီမံ ကြီးကြပ်မှုဖြင့် ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက် ရှိသော လှည်းတန်း ခုံးကျော် တံတား တည်ဆောက်ရေး လုပ်ငန်းများသည် ၂ဝ၁၃ ခုနှစ် ဧပြီလတွင် စမ်းသပ် သွားလာနိုင်မည့် အခြေ အနေသို့ ရောက်ရှိ နိုင်မည် ဖြစ်ပြီး တည်ဆောက် ပြီးစီးမှုမှာ ၇ဝ ရာခိုင်နှုန်းကျော် ရောက်ရှိ နေပြီ ဖြစ်ကြောင်း
ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီမှ တာဝန်ရှိသူ များ၏ ပြောကြား ချက်အရ သိရှိရရာ အဆိုပါ ခုံးကျော် တံတား တည်ဆောက်ရေးနှင့် ပတ်သက်၍ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော် မတီနှင့် ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီမှ တာဝန်ရှိသူ များနှင့် မြဝတီ သတင်းစာ အဖွဲ့ သွားရောက် တွေ့ဆုံ မေးမြန်း ခဲ့သည်များကို ပြန်လည် တင်ပြ လိုက်ပါသည်။
မေး။ ။ လှည်းတန်း ခုံးကျော် တံတား တည်ဆောက်မှုရဲ့ လက်ရှိ အခြေအနေနဲ့ ပြီးစီးနိုင်မယ့် အလားအလာကို သိချင်ပါတယ်။
ဖြေ။ ။ ''ခုံးကျော် တံတား တည်ဆောက်ရေး အနေနဲ့ အကြမ်းထည် ပြီးစီးသွားပြီးတော့ စမ်းသပ် သွားလာနိုင်မယ့် ကာလကို ၂ဝ၁၃ ဧပြီလ အကုန် လောက်ကို မှန်းဆ ထားပါတယ်။ တည်ဆောက်ရေး လုပ်ငန်း ပိုင်းမှာတော့ လိုအပ်တဲ့ ပစ္စည်းတွေ၊ စက်ယန္တရားနဲ့ လုပ်သား အင်အား ပိုင်းမှာ ပြည့်ပြည့် စုံစုံနဲ့ အချိန်မီ လုပ်နိုင် ကိုင်နိုင်တဲ့ အနေအထား ရှိတဲ့ အတွက် ရည်မှန်းထားတဲ့ ကာလမှာ ပြီးမြောက် သွားပါ လိမ့်မယ်။ ဒီနေရာမှာ နည်းနည်းလေး ဖြည့်ပြော ချင်တာက သံပေါင် တပ်ဆင်မှု မစတင် သေးတဲ့ ကာလနဲ့ အခု သံပေါင်တွေ တပ်ဆင် နေတဲ့ ကာလမှာ ဘာကွာ သွားသလဲ ဆိုတော့ သံပေါင် မတပ်ဆင်မီ ကာလမှာတော့ ကျွန်တော်တို့ နေ့ရော ညရော ဆောင်ရွက် နိုင်ပါတယ်။ သံပေါင် တပ်ဆင်တဲ့ ကာလမှာ ကျတော့ စက်ယန္တရား ကြီးနဲ့ လုပ်ကိုင်ရတဲ့ အတွက် လမ်းပိတ်ဆို့မှု မဖြစ်အောင် လိုအပ်တဲ့ လုပ်ငန်းခွင် လုံခြုံမှု ရအောင် ည ၁ဝ နာရီ နောက်ပိုင်းမှ လမ်းပိတ်ပြီးတော့ ဆောင်ရွက်ရတဲ့ အတွက် အခု ကာလက အချိန်ပိုယူ ရသလို ဖြစ်နေပါ တယ်။ ဒါပေမဲ့လည်း ကျွန်တော် စောစောက ပြောခဲ့သလို အချိန်မီ ပြီးစီး သွားမှာပဲ ဖြစ်ပါတယ်။ အခုဆိုရင် သံမဏိ သံပေါင် တပ်ဆင်ရမယ့် အခန်း ၁၄ ခန်း အနက်မှာ လေးခန်းပြီးစီး နေ ပြီ ဖြစ်ပါတယ်။''
မေး။ ။ လှည်းတန်း ခုံးကျော် တံတား တည်ဆောက် ပြီးစီးသွားလို့ အသုံးပြုတဲ့ အခါမှာ လှည်းတန်း လမ်းဆုံရဲ့ ယာဉ်ကြော ပိတ်ဆို့မှု အပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိသွားနိုင် သလဲ ဆိုတာလဲ သိချင်ပါတယ်။
ဖြေ။ ။ ''ဒီခုံ ကျော် တံတားကြီးကို တည်ဆောက်ရတဲ့ အဓိက အကြောင်းအရင်း ကတော့ လှည်းတန်း လမ်းဆုံရဲ့ ယာဉ်ကြော ပိတ်ဆို့ နေမှုကို လျှော့ချဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဒီလမ်း ငါးခွရဲ့ ယာဉ်ဖြတ်သန်း သွားလာနေမှုနဲ့ အချက်ပြ လမ်းထိန်းချုပ် စနစ် (မီးပွိုင့်)နဲ့ ထိန်းချုပ်နိုင်မှု အနေအထားကို စစ်ဆေး တွက်ချက် အဖြေရှာတဲ့ အခါ ရန်ကုန် ပြည်လမ်း ဘက်ကနေ ကျန်လမ်းမများကို ဝင်ရောက်မှုဟာ အများဆုံး ဆိုတာ တွေ့ရတဲ့ ဒီလမ်းမကြီးကို အဓိက ထားပြီးတော့ ခုံးကျော် တည်ဆောက်မယ် ဆိုရင်တော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ လှည်းတန်း လမ်းဆုံရဲ့ ယာဉ်ကြော ပိတ်ဆို့နေမှုကို ၆ဝ ရာခိုင်နှုန်းလောက် အထိ လျှော့ချ နိုင်မယ်လို့ တွက်ဆပြီးတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရဲ့ စီမံကြီးကြပ်မှု အောက်မှာ ကျွန်တော်တို့က တာဝန်ယူ တည်ဆောက် ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတံတားကြီး တည်ဆောက် ပြီးစီးသွားတဲ့ အခါ တံတား ရဲ့ အောက်မှာလည်း မူလ လမ်းဆုံဟာ ကျန်ခဲ့ဦးမှာ ဖြစ်ပါတယ်။ အဲဒီမှာလည်း ယာဉ်များရဲ့ သွားလာမှု အနေအထားဟာ ကျွန်တော်တို့ မှန်းဆ ထားသလို လျော့ကျ သွားနိုင်မယ့် အနေအထား ရှိပါတယ်။
မေး။ ။ ဒီခုံးကျော် တံတားကြီး ပြီးသွားတဲ့ အခါမှာရော ရန်ကုန် မြို့တော် စည်ပင် အနေနဲ့ ဘယ်လို ဆောင်ရွက်မှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ''ရန်ကုန် မြို့တော်ရဲ့ မော်တော်ယာဉ် စီးရေဟာ နှစ်စဉ် တိုးနေတဲ့ အပြင် အဓိက လမ်းမကြီးတွေ ပေါ်မှာပဲ ဖြတ်သန်း သွားလာမှုများတဲ့ အတွက် ဒီအပေါ် အခြေခံ ပြီးတော့ နောင်ဖြစ်လာမယ့် အနာဂတ် အတွက် ကြိုတင် စီမံမှုတွေနဲ့ လိုအပ်မယ့် ခုံးကျော် တံတားတွေ မြစ်ကူး တံတားတွေ လမ်းမ သစ်ကြီးတွေ ယာဉ်ရပ်နား စခန်းတွေကို ကျွန်တော်တို့ တိုးချဲ့ ဆောင်ရွက် နေသလို ရှိပြီးသား လမ်းတွေကို ပြုပြင် ထိန်းသိမ်းမှု တစ်ပြိုင်နက် တည်းမှာပဲ ဆောင်ရွက်လျက် ရှိပါတယ်။ တံတား အကြမ်းထည် ပြီးစီးသွားတဲ့ အခါ ပါရမီ တံတားသစ် ကဲ့သို့ပဲ မော်တော်ယာဉ် တွေကို စမ်းသပ် မောင်းနှင်စေပြီး တံတား စစ်ဆေးရေး အဖွဲ့ တစ်ဖွဲ့ကနေ တံတားရဲ့ အရည်အသွေးကို စစ်ဆေးစေမှာ ဖြစ်ပါတယ်။
အဲဒီလို စမ်းသပ် တာကလည်း တံတားကို အသုံးပြုတဲ့ အခါမှာ ရန်ကုန်-အင်းစိန် လမ်းမကြီး၊ ရန်ကုန်-ပြည် လမ်းမကြီး တစ်လျှောက် ယာဉ်ကြော ပိတ်ဆို့မှုကို ထပ်မံ လျှော့ချနိုင်မယ့် အစီ အစဉ်တွေ ဆောင်ရွက်ဖို့ လိုအပ်မယ်၊ မလိုအပ်ဘူး ဆိုတာကို စောင့်ကြည့် သွားဖို့ ဖြစ်ပါတယ်။
မေး။ ။ လှည်းတန်း ခုံးကျော် တံတား တည်ဆောက်ရေးမှာ ပြည်ပနိုင်ငံ တွေက ကျွမ်းကျင်သူ ပညာရှင် ဆီမှာ အချို့ အစိတ်အပိုင်းတွေ အပ်နှံတာ ရှိသလို လာရောက် ဆောင်ရွက် နေတာလည်း ရှိတယ်လို့ သိရပါတယ်။ အဲဒါလေး ပြောပေးပါဦး။
ဖြေ။ ။ ''ဒီတံတား တည်ဆောက်ရေး လုပ်ငန်းမှာတော့ တံတားပုံစံ ထုတ်တာရော တံတား လုပ်ငန်းခွင်ရဲ့ စီမံခန့်ခွဲမှု လုပ်ငန်းမှာရော လိုအပ်တဲ့ သံမဏိ သံပေါင်တွေ မှာယူ တပ်ဆင်တဲ့ လုပ်ငန်းတွေ မှာပါ ပြည်ပက ကျွမ်းကျင်သူ ပညာရှင် တွေကို ခေါ်ယူ သုံးစွဲပါတယ်။ ဒါကလည်း မြန်မာ အင်ဂျင်နီယာတွေ အနေနဲ့ အတွေ့အကြုံ ကောင်းတွေ ရအောင် ဆောင်ရွက်တာ ဖြစ် သလို ဒေ သတွင်း စံနှုန်းများနဲ့လည်း ညီညွတ်အောင်ပဲ ဖြစ်ပါတယ်။ တံတား တည်ဆောက် ရာမှာလည်း မူလ ပိုင်ရှင်ဖြစ်တဲ့ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ အညီ တံတားရဲ့ ခံနိုင်ဝန်၊ ငလျင်ဒဏ် ခံနှုန်း၊ အကျယ်အဝန်း၊ အလျား၊ လမ်းအကျယ်၊ လူသွားလမ်း၊ တံတားရဲ့ အမြင့် စတာတွေကို သတ်မှတ် ဆောင်ရွက် ထားတာပဲ ဖြစ်ပါတယ်''။ ။
From : မြ၀တီ

SHARE THIS
Previous Post
Next Post