ယနေ့ကျင်းပသော ရိုးမရန်ကုန် မာရသွန်ပြိုင်ပွဲတွင် ကင်ညာနှင့်မြန်မာ ဆုအများဆုံး ရရှိ

Sunday, January 27, 2013

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ရိုးမ
ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ တွင် ကင်ညာ
နှင့် မြန်မာနိုင်ငံသားများ ဆုတံဆိပ်အများဆုံး ရရှိခဲ့ကြောင်း
သိရှိရသည်။

၄၂ ကီလိုမီတာ မာရသွန်ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသားများ
ဖြစ်သည့်ကာရူကီနှင့် မူအန်ဒီတို့က ပထမနှင့် ဒုတိယဆုများ
ရယူခဲ့ပြီး တတိယဆုကို မြန်မာနိုင်ငံသား သောင်းအေးက
ရရှိခဲ့သည်။

၂ နာရီ ၂၇ မိနစ်ဖြင့် တတိယနေရာမှ ပန်းဝင်ခဲ့သည့်
ကိုသောင်းအေးက “ကျွန်တော် တတိယဆုရရှိတဲ့အတွက်
အတိုင်းမသိ ၀မ်းသာမိပါတယ်။ အဲဒီလောက်ရမယ်လို့လည်း
မမျှော်လင့်ထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက
လာရောက်ယှဉ်ပြိုင်တဲ့ ပွဲမို့ပါ” ဟု မြန်မာ့ခေတ်သို့ ပြောကြား
သည်။

မြန်မာနိုင်ငံသား သောင်းအေးသည် ပထမဆုရခဲ့သည့်
ကင်ညာနိုင်ငံသား ကာရူကီနှင့် ပန်းဝင်ချိန် ၁၀ မိနစ်သာ
ကွာဟကြောင်း သိရသည်။

၄၂ ကီလိုမီတာပြိုင်ပွဲတွင် အမျိုးသမီးများကိုလည်း အမျိုးသားများ
နှင့်အတူ တာလွှတ်ခဲ့ပြီး မြင့်မြင့်အေး(ပထမ)၊ ပပ(ဒုတိယ)နှင့်
နီလာစန်း(တတိယ)တို့ အသီးသီးရရှိခဲ့သည်။

၁၀ ကီလိုမီတာ ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား ချားလ်ကစ်ကိုရစ်က
ပထမနေရာဖြင့် ပန်းဝင်ခဲ့ပြီး ဒုတိယနေရာတွင် မြန်မာနိုင်ငံသား
သိန်းနိုင်ဦး၊ တတိယနေရာတွင် မြန်မာနိုင်ငံသား မောင်ချက်တို့
အသီးသီးပန်းဝင်ခဲ့သည်။

အမျိုးသမီး ၁၀ ကီလိုမီတာ ပြိုင်ပွဲတွင် ဖြူဝါသက်(ပထမ)၊
ခင်မာဆယ်(ဒုတိယ)နှင့် စောမာလာနွယ်(တတိယ) တို့
အသီးသီးရရှိခဲ့သည်။

၃၅ မိနစ် ၁၀ စက္ကန့်ဖြင့် ပထမဆုရခဲ့သည့် မဖြူဝါသက်က
“လာမယ့်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေမှန်းထားပါတယ်” ဟု ပြောကြား
သည်။

ယနေ့ နံနက် ၅ နာရီခန့်တွင် ရန်ကုန်မြို့၌ ကျင်းပသည့် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၂၀ မှ နိုင်ငံခြားသား ၂၂၀ နှင့်မြန်မာနိုင်ငံသား ၈၀ တို့ ၀င်ရောက်ယှဉ်ပြိုင်ကြောင်း
သိရှိရသည်။

ဟိန်းသူ
The Myanma Age

SHARE THIS
Previous Post
Next Post