ရဲလေးနှင့် သားကြီးတို့၏ အကွဲအပြဲကိစ္စ တစ်ဖက်သတ် ဆန်လွန်းကြောင်း သုံးသပ်သူ များပြား

ရဲလေးနှင့် သားကြီးတို့၏ အကွဲအပြဲကိစ္စ တစ်ဖက်သတ် ဆန်လွန်းကြောင်း သုံးသပ်သူ များပြား 11 JANUARY 2013 စာနယ်ဇင်းများသည် ပြည်သူနှင့် ဆက်စပ်ပတ်သက်နေသော ပရိသတ်နှင့် ဆက်စပ်ပတ်သက်နေသော လှုပ်ရှားမှုများ၊ အရေးကိစ္စများကို ပြည်သူနှင့် ပရိသတ်သိရှိရန် တပြေးညီ တင်ပြကြရပါသည်။ နိုင်ငံရေးဆိုလျှင်လည်း နိုင်ငံရေး၊ အနုပညာဆိုလျှင်လည်း အနုပညာရေး ပရိသတ်သိရှိနိုင်ရန် တင်ပြကြရသည်။ ပရိသတ် အားပေးမှုဖြင့် ရပ်တည်နေကြသော အနုပညာရှင်များ၏ အနုပညာရေးရာ လှုပ်ရှားမှု ကိစ္စအဝ၀တွင်လည်း ပရိသတ် သိထားသင့်သော ကိစ္စအချက်အလက်များကို ဖုံးကွယ်ထိမ်ချန် ဖယ်ထုတ်ထား၍ မရစကောင်းဟု ခံယူပါသည်။ အဆိုတော်ရဲလေးက သူဖွဲ့စည်းထားသော Gate Way တေးအယ်လ်ဘမ်ဖြစ်သော နံပါတ်(၁)ဦးစားပေး (First Priority)ကို AudioCD အဖြစ် မဖြန့်ချိမီကပင် စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပခဲ့သည်။ ရဲလေး၊ MHL၊ သားကြီး၊ သိန်းလင်းစိုး၊ ကွတ်တီတို့(၅)ဦး Gate Way အဖွဲ့သားများအဖြစ် မိတ်ဆက်ခဲ့ကြသည်။ Audio CD ထွက်ရှိခဲ့သည်။ Audio CD ထွက်ရှိအပြီး ဒီဗီဒီကာရာအိုကေကို ဆက်လက် အကောင်အထည် ဖော်ခဲ့ကြသည်။ ဒီဗီဒီကာရာအိုကေအပြီး မထွက်ရှိမီ စာနယ်ဇင်း မိတ်ဆက်ပွဲ ကျင်းပခဲ့ပြန်သည်။ ထိုစာနယ်ဇင်း မိတ်ဆက်ရှင်းလင်းပွဲတွင် ရဲလေးသည် Gate Way အဖွဲ့နှင့်ပတ်သက်၍ သတင်းအပြည့်အစုံ ရှင်းလင်းတင်ပြသွားခြင်း မရှိခဲ့ချေ။ Gate Wayအဖွဲ့တွင် အဖွဲ့သားဦးရေ လျော့နည်းသွားသော ကိစ္စ၊ သီချင်းအချို့ ပြင်ဆင်လျှော့ချထားသော ကိစ္စရပ်များကို ရဲလေးသည်ပြည့်စုံစွာ တင်ပြသွားခြင်းမရှိဘဲ ပထမအကြိမ် စာနယ်ဇင်းများနှင့် တွေ့ဆုံမိတ်ဆက်ခဲ့သော Gate Way ပုံစံမျိုးဖြင့်သာ ရှင်းလင်း တင်ပြသွားခဲ့သည်။ တကယ်တမ်း GateWay ဒီဗီဒီကာရာအိုကေ ထွက်ရှိလာသောအခါတွင်မူ အပြောင်းအလဲများစွာ ပြုပြင်ပြောင်းလဲထားသည်ကို တွေ့ရှိလိုက်ရတော့သည်။ Gate Way ၏ Audio CD တွင် ပါဝင် ရေးသားသီဆိုခဲ့သော တေးရေးတေးဆိုသားကြီးနှင့် သားကြီးရေးသားသီဆိုထားသော သီချင်းများကို ထုတ်ဖယ်ဖြုတ်ချထားခဲ့သည်။ ဆက်လက် စုံစမ်းကြည့်သောအခါ ဒီဗီဒီရိုက်ကူးရာတွင်လည်း သားကြီးကို အကြောင်းမကြား၊ မခေါ်ယူဘဲ ကျန်အဖွဲ့သားများနှင့် ကြိတ်၍ ရိုက်ကူးခဲ့သည်။ သားကြီးအသံ၊ သားကြီးရေးသော သီချင်းအပိုဒ်များကို String Studio တွင် သားကြီးကို အသိမပေး အကြောင်းမကြားဘဲ ရဲလေးတစ်ဦးတည်း သဘောဆန္ဒဖြင့် အသံများကို ဖျက်ဆီး ဖျောက်ပစ်ခဲ့ကြောင်း သိရှိရသည်။ သားကြီးအား မေးမြန်း စုံစမ်းကြည့်သောအခါတွင်လည်း "သူတို့ ကျွန်တော့်သီချင်းတွေ ဖျက်ချ၊ ဖြုတ်ချလိုက်တယ်ဆိုပေမယ့် အခုဒီဗီဒီမှာ ကျွန်တော့်သီချင်းတွေ ပါသွားပါသေးတယ်။ ကျွန်တော်နဲ့ ကင်းချင်တယ်ဆိုရင် အကုန် လွတ်လွတ်ကင်းကင်း ဖြစ်အောင် လုပ်ရမှာပေါ့။ အခုတော့ ကျွန်တော့်သီချင်းတွေ ပါနေသေးတယ်" ဟု သားကြီးကဆိုသည်။ ဆက်လက်၍ သားကြီးက ပြောကြားရာ၌ ကျွန်တော်လည်း မပြောချင်ဘူးဆိုတာက Gate Way အတွက် လိုက်ဖွနေတယ် ထင်မှာစိုးလို့  မပြောဘဲ ငြိမ်နေတာပါ ဟုဆိုသည်။ အမှန်တကယ် ဖြစ်သင့် ဖြစ်ထိုက်သည်မှာ ရဲလေးအနေနှင့် Gate Way အဖွဲ့တွင် သားကြီးကို မထားရှိလိုတော့လျှင်လည်း လူငယ် အနုပညာသမား အချင်းချင်း ပွင့်လင်းစွာ ဆွေးနွေးကြရမည် ဖြစ်သည်။ သူ့အားနည်းချက်၊ ကိုယ့်အားနည်းချက်များကို သဘောကြီးစွာဖြင့် အပြန်အလှန် ဝေဖန် ထောက်ပြကြပြီးမှ နှစ်ဦးနှစ်ဖက် သဘောတူ လမ်းခွဲကြရမည် ဖြစ်ပါသည်။ လမ်းခွဲကြရာတွင်လည်း Gate Way အဖွဲ့သားစုံလင်စွာဖြင့် ဒီဗီဒီကာရာအိုကေ ထွက်ရှိသည်အထိ သဘောထားကြီးစွာ လက်တွဲချီတက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် 'ပရိတ်သတ်' ရှိနေပါသေးသည်။ ပရိတ်သတ်ကို လေးစားသောစိတ်၊ အလေးထားသောစိတ်များဖြင့် Gate Way အဖွဲ့၏ ပထမအယ်လ်ဘမ် နံပါတ်(၁)ဦးစားပေးကို အားပေးခဲ့သော ပရိတ်သတ်များကို ငဲ့ကြည့်ရမည် ဖြစ်ပါသည်။ ယခုအခါတွင် ရဲလေးသည် အနုပညာသမား အချင်းချင်းလည်း ကိုယ်ချင်းမစာ ရဲလေးကိုယ်တိုင်လည်း ရသ၊ ချမ်းအေးဝင်းတို့၏ ဗျောက်အိုးအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ဖြစ်ပါသည်။ အနုပညာ ဖန်တီးမှုများကိုလည်း ကိုယ်ချင်းစာစိတ်ဖြင့် တန်ဖိုးမထား၊ ပရိတ်သတ်ကိုလည်း အလေးဂရုမပြုဘဲ မိမိသဘောတစ်ခုတည်းဖြင့် သားကြီးနှင့် သားကြီး၏ အနုပညာများကို ထုတ်ပယ် ဖျက်ဆီးခဲ့သည်မှာ တစ်ဖက်သတ်၊ တစ်ဖက်စောင်းနင်း အကျည်းတန်သော လုပ်ရပ်အဖြစ် မန္တလေးအရုဏ်ဦးဂျာနယ်မှ စိတ်မကောင်းစွာ ခံစားမှတ်တမ်းတင်ရပသည်။ အနုပညာရှင် ရဲလေးတစ်ယောက် မှန်ကန်သော အတွေးအခေါ် အယူအဆများဖြင့် မိမိကိုယ်ကို သုံးသပ်နိုင်ပါစေ။မှမန္တလေးအာရုဏ်ဦး

SHARE THIS
Previous Post
Next Post