အန္တာတိကတွင် သိပ္ပံပညာရှင်များ ပျောက်ဆုံးလျက်ရှိ

အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားသော ကနေဒါ နိုင်ငံသား (၃)ဦးကို လိုက်လံ ရှာဖွေနေသည့် လုပ်ငန်းများသည် ဆိုးရွားလှသော ရာသီဥတုကြောင့် နှောင့်နှေးနေကြောင်း သိရှိရသည်။
အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားသော ကနေဒါ နိုင်ငံသား (၃)ဦးကို လိုက်လံ ရှာဖွေနေသည့် လုပ်ငန်းများသည် ဆိုးရွားလှသော ရာသီဥတုကြောင့် နှောင့်နှေးနေကြောင်း သိရှိရသည်။ အန္တာတိကတိုက် အရှေ့ဖျား ဒေသအနီးတွင် အရေးပေါ် အကူအညီ တောင်းခံသည့် အချက်ပြမီးကို တွေ့ရှိရသည့်နောက် DC-3 လေယာဉ် တစ်စင်းက သွားရောက် ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် မဖြစ်မနေ အခြေစိုက် စခန်းထံ ပြန်လှည့်ခဲ့ရကြောင်း သတင်းများက ဆိုသည်။ အဆိုပါ ကနေဒါ နိုင်ငံသားများသည် လေယာဉ် တစ်စင်းနှင့်အတူ အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ နယူးဇီလန်တွင် အခြေစိုက်ကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း လတ်တလောတွင် အဆင်မပြေသေးဟု တာဝန်ရှိသူများက ဆိုသည်။

တောင်ဝင်ရိုးစွန်းနှင့် အနီးတဝိုက်တွင် ပျံသန်းခဲ့သော DC-3 လေယာဉ်သည် အင်္ဂါနေ့က ဖမ်းယူရရှိခဲ့သည့် အကူအညီတောင်းခံမှုနှင့် ပတ်သက်ပြီး ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့တိုင်အောင် လေတိုက်နှုန်း ပြင်းထန်လွန်းခြင်းနှင့် ဆီးနှင်း အလွန်ထူထပ်ခြင်းများကြောင့် အမေရိကန် သုတေသနဌာန တစ်ခုတွင် ဆောက်လုပ်ထားသည့် လေယာဉ်ကွင်းသို့ ပြန်လာခဲ့ရသည်။ "DC-3ဟာ အချက်ပေးမှု ထုတ်လွှင့်တဲ့ ဧရိယာပေါ်မှာ စက်ဝိုင်းပတ် (၆)နာရီလောက် စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ မြင်ကွင်း အရမ်းမှုန်ဝါး နေသလို အန္တရာယ် ရှိနိုင်တဲ့ အခြေအနေကြောင့် ပြန်လှည့်ခဲ့တာပါ"ဟု အဆိုပါ အခြေစိုက် စခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Twin Otter လေယာဉ်ငယ်ဖြင့် ပျောက်ဆုံးသွားသူ (၃)ယောက်အနက် လေယာဉ်မှူး၏ အမည်ကိုမူ ဇနီးဖြစ်သူ၏ ဖော်ထုတ်မှုအရ ဘော့ဘ်ဟိသ်ဟု သိရှိရသည်။ ကနေဒါ အစိုးရကမူ ပျောက်ဆုံးစာရင်း အမည်များကို ကြေညာခြင်း မရှိသေးချေ။ လတ်တလောတွင် DC-3သည် ရာသီဥတု သာယာချိန်၌ အရေးပေါ် အကူအညီ တောင်းခံမှု အချက်ပေးလှိုင်းများ ထုတ်လွှင့်သော နေရာသို့ ပြန်သွားရန် စောင့်ဆိုင်းနေဆဲဟု သိရှိရသည်။

Source: BBC

မှ Planet Myanmar Network

အေးချမ်းမွန်မှ Planet Myanmar Network  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post