အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် မွန်နိုင်ငံရေး ပါတီများ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး

Monday, 14 January 2013 12:22

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် မွန်နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများသည် ဇန်န၀ါရီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တွေ့ဆုံခဲ့ကြပြီး ပြည်နယ်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲရေး၊ ဒေသခံပြည်သူများ၏ လူနေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီ ပါတီ၊ မွန်ပြည်သစ်ပါတီ စသည့်တိုင်းရင်းသား ပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့များနှင့် မွန်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဆရာတော် သံဃာတော်များနှင့် တွေ့ဆုံခဲ့ကြပြီး ကချင်ငြိမ်းချမ်းရေး အပါအ၀င် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

ထိုသို့ဆွေးနွေးချက်များနှင့် ပတ်သက်၍ အစိုးရထံသို့ တင်ပြသွားမည်ဖြစ်ကြောင်းနှင့် မော်လမြိုင်မြို့တွင် အမေရိကန်စင်တာကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သံအမတ် ဒဲရစ်မစ်ချယ်လ်က ပြောကြားခဲ့သည်။

"ကျွန်တော် သံအမတ် စဖြစ်ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့တုန်းက ကျွန်တော်တိုင်းပြည်အနှံ့သွားပြီး ပြည်သူတွေနဲ့ စကားပြောမယ်။ အခြေအနေတွေကို လေ့လာမယ်။ နားလည်အောင်လုပ်မယ်။ အဲဒါကြောင့် ဒီဒေသတွေကို လာရောက်တာပါ။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ ရှေ့လမ်းကြောင်းကို အရှိန်အဟုန်နဲ့ သွားနေပါတယ်၊ ပွင့်လင်းလာမှုတွေ ရှိလာတယ်၊ ဥပမာ မီဒီယာတွေ ပွင့်ပွင့်လင်းလင်း မေးလို့ရတယ် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရလာတယ်။ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး အများကြီး လုပ်ဆောင်ရအုံးမဲ့ အခြေအနေတွေ ရှိပါသေးတယ်။ ကချင်အရေးနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့သဘောထား ကြေငြာချက် ထုတ်ထားပါတယ်၊ စစ်ပွဲရပ်ဖို့နဲ့ ပတ်သက်ပြီး လက်နက်နဲ့ ဖြေရှင်းလို့မပြီးဘူး။ နှစ်ဖက်စလုံးက နိုင်ငံရေးစကား ပြောဆိုဆွေးနွေးမှသာလျှင် ဖြစ်နိုင်ပါတယ်။ လက်ရှိအနေအထားက အယုံအကြည်မဲ့မှု နှစ်ဖက်စလုံး မြင့်မားနေကြပါတယ်၊ ဒါတွေကို ကျော်လွှားနိုင်မှ ဒီစစ်ပွဲကြီးက ရပ်မှာပါ" ဟု အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲလ်က မီဒီယာများအား ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များသို့ ဇန်န၀ါရီလ ၁၁ ရက်မှ ၁၃ ရက်အထိ သွားရောက်ခဲ့ပြီး အစိုးရအရာရှိများ၊ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဘာသာရေး အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယခုခရီးစဉ်သည် အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်၏ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များသို့ သွားရောက်သော ပထမဆုံးခရီးစဉ် ဖြစ်သည်။

မှ Eleven Media Group

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post