၅ နှစ်ကြာပြီဖြစ်တဲ့ ဟက်ကာသူလျှိုမှု Kaspersky မှ ရှာတွေ့ခဲ့


Red October လို အမည်တပ်ထားတဲ့ အလွန်အဆင့်မြင့်ပြီး အသေအချာ ပူးပေါင်းဆောင်ရွက်တဲ့ ကွန်ပြူတာသူလျှိုမှု ကွန်ယက်တခုကို ရုရှားက အင်တာနက်လုံခြုံရေးကုမ္ပဏီ Kaspersky မှ သုတေသနပညာရှင်များက ရှာဖွေထုတ်ဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ကွန်ပြူတာထောက်လှမ်းမှုဟာ ၅ နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်ပြီး နိုင်ငံပေါင်း ၆၉ နိုင်ငံတို့မှ အဆင့်မြင့် အစိုးရသံတမန်ရုံးများ၊ တက္ကသိုလ်များ၊ သုတေသနဌာနများ၊ နုကလီးယားနဲ့ စွမ်းအင်ဌာန၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ စတဲ့နေရာများကို သေချာရွေးချယ်ပြီးမှ လျှို့ဝှက်စွာ စုံစမ်းထောက်လှမ်း နေခဲ့တယ်လို့ ဆိုပါတယ်။

"အဓိကရည်ရွယ်ချက် ကတော့ ဖိုင်အမျိုးအစားပေါင်းစုံက အချက်အလက်တွေကို ရယူစုဆောင်းပြီး အဲဒါတွေကို ဘယ်မှာအသုံးပြုမှာကိုတော့ မသိရပါဘူး" ဟု Kaspersky က တနင်္လာနေ့မှာ ထုတ်ဖော်ထားပါတယ်။ အဆိုပါ သတင်းအချက်အလက်ခိုးယူမှုကို လုပ်ဆောင်သူများက ရုရှားလူမျိုးများဟု ယူဆရပြီး အနည်းဆုံး ကွန်ပြူတာဆာဗာပေါင်း ၆၀ လောက်ကနေ ထိမ်းချုပ်လုပ်ဆောင်နေတာ ဖြစ်ပြီး ယမန်နှစ်က Flame ဗိုင်းရပ်စ်ကို ဖန်တီးသူများကဲ့သို့ အဆင့်မြင့်ဟက်ကာတွေ ဖြစ်ကြောင်း သိရပါတယ်။ သူတို့ရဲ့ကုတ်တွေရဲ့ တချို့လိုင်းမှာ ရုရှားဘာသာ ဘန်းစကား ထည့်သုံးထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

Red October ဟက်ကာများက ပစ်မှတ်ရွေးချယ်ထားတဲ့ ကွန်ပြူတာများကို သတ်မှတ်ထားတဲ့ အချိန်နေ့ရက်များမှာ အချက်အလက်များကို အလိုအလျောက် ရယူအောင် စီစဉ်ထားကြပါတယ်။ အသုံးပြုခံရတဲ့ ကွန်ပြူတာဆာဗာများကို proxies သုံးထပ်လောက်ခံထားပြီး ဟက်ကာတွေရဲ့ နောက်ဆုံးနေရာ အတိအကျကို နောက်ကြောင်းပြန်လိုက်လို့ မရအောင် လုပ်ဆောင်ထားကြောင်း သိရပါတယ်။

SHARE THIS
Previous Post
Next Post