ပုဂံ ဟိုတယ်ဇုန်သို့ နိုင်ငံခြားသားဧည့်သည် ၄၀ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့

Thursday, February 21, 2013

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပုဂံဟိုတယ်ဇုန်သို့ နိုင်ငံခြားသား
ခရီးသည် ဝင်ရောက်မှု ၄၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဟိုတယ် လုပ်ငန်းရှင်များက ဆိုသည်။

“ပုဂံဟိုတယ်ဇုန်ကို ပြည်တွင်းဧည့်သည်ရော၊ ပြည်ပဧည့်သည်ပါ ဝင်ရောက်မှု ရှိပါတယ်။ ၂၀၁၂ ဇန်နဝါရီလ ကနေ ဒီဇင်ဘာလအထိ ဧည့်သည်ဝင်ရောက်မှု
က မနှစ်ကထက် ၃၅-၄၀ ရာခိုင်နှုန်းလောက်အထိ တိုးလာပါတယ်”ဟု
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း-ပုဂံဇုန်မှ အတွင်းရေးမှူး ဦးဇော်ဝိတ် က ပြောသည်။

ထိုင်းလူမျိုးများ အများဆုံး လာရောက်ပြီး ဒုတိယ အများဆုံးမှာ တရုတ်လူမျိုး
များ ဖြစ်ကာ ပြင်သစ်နှင့် ဂျာမန်လူမျိုးများလည်း လာရောက်မှု များပြား
သည်ဟု ဆိုသည်။

“ပုဂံကို လာတဲ့ နိုင်ငံခြားဧည့်သည် အများစုက ပုဂံဘုရားတွေကို
လေ့လာကြတယ်။ ဘုရားတွေမှာရှိတဲ့ နံရံ ဆေးရေး ပန်းချီတွေကို
လေ့လာကြတယ်။ ဒေသရဲ့ လက်မှုပညာ လုပ်ငန်းတွေဖြစ်တဲ့ ယွန်းလုပ်ငန်းတွေ၊ ယွန်းပန်းချီတွေကို လေ့လာကြတယ်” ဟု
ဧည့်လမ်းညွှန် ဦးညီဇော် က ပြောသည်။

ထို့အပြင် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်၊ ပုပ္ပါးတောင် ဘေးမဲ့တော
ဥယျာဉ် စသည့် နေရာများသို့လည်း လည်ပတ်လေ့လာကြသည်။

“ပုဂံ ဟိုတယ်ဇုန်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီကနေ ဒီဇင်ဘာအထိ
နိုင်ငံခြားသား ဧည့်သည် တသိန်း နှစ်သောင်း ခွဲကျော် ရှိခဲ့ပါတယ်။
၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ၁၀၂,၅၂၁ ဦး ရှိခဲ့ပါတယ်” ဟု ဇုန်ဝင်ကြေး ကောက်ခံသည့် ဌာနမှ ဒေါ်ကျော့မှုးခိုင် က ပြောသည်။

ဟိုတယ်လုပ်ငန်းရှင်များအသင်း-ပုဂံဇုန်တွင် ဟိုတယ် ၇၅ လုံး ဖွင့်လှစ် လုပ်ကိုင်နေကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ

SHARE THIS
Previous Post
Next Post