လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်
အမျိုးသား မှတ်ပုံတင် ဦးစီးဌာနမှ သတင်းများ အရ လာမယ့် မတ်လ
၁ ရက်နေ့မှ စတင်ကာ ပြည်နယ်နှင့် တိုင်း ဒေသကြီး အချို့ရှိ မြို့နယ် အချို့မှာ One stop Service ဖြင့် နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ အခမဲ့ ကွင်းဆင်း ပြုလုပ် ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်မှုဟာ နိုင်ငံ တကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပြုလုပ် ပေးမှာ ဖြစ်ပြီး ကယား ပြည်နယ်ရှိ မြို့နယ် ၈ ခု၊ တနင်္သာတိုင်း ဒေသကြီး မြို့နယ် ၁၀ ခုနဲ့ ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီး မြို့နယ်၊ MPS ၊ စီမံကိန်း ပအိုးဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၃ မြို့နယ်၊ မြို့နယ်ခွဲ ၂ ခုနဲ့ မွန်ပြည်နယ် မြို့နယ် ၇ ခု တို့မှာ အခမဲ့ ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ နိုင်ငံတကာ အလှူရှင်များရဲ့ ပူးပေါင်း ကူညီမှုနဲ့ ကရင် ပြည်နယ် တစ်ခုလုံး အတွက် ကိုယ်စီ လိုအပ်ချက် အပါအ၀င် မှတ်ပုံတင် ကဒ်ပြားများ ထုတ်ပေး ပြီးသည်အထိ One Stop Service နဲ့ အခမဲ့ ကွင်းဆင်း ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး မိုးပွင့် အဆင့် ၅ စီမံချက် ကိုလည်း လာမယ့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ပြန်လည် ပြုလုပ် ပေးမှာ ဖြစ်ပြီး အချိန် ၂ လ ကွင်းဆင်း ဆောင်ရွက် ပေးမှာ ဖြစ်သလို ကျန် ၂ လ ကိုလည်း မြို့နယ် ရုံးများမှာ ဆောင်ရွက် ပေးမယ့် စနစ်နဲ့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခြား သွေးနှော ပြည်သူများ အတွက် ကိုတော့ အခြေခံ မှတ်တမ်းများနဲ့ တိုက်ဆိုင် စိစစ်ရန် လိုအပ်တဲ့ အတွက် မြို့နယ် ရုံးများမှာ ဆောင်ရွက် ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ အတွက် ကြာချိန် အများဆုံး ၂၈ ရက် ကဒ်သစ် ပြုလုပ်မှု ၆ ကျပ် ၊လဲလှယ်မှု ၃ ကျပ် နဲ့အိမ်ထောင်စု လူဦးရေ စာရင်း များကို နေ့ချင်းပြီး ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။
မှတ်ပုံတင် ကဒ်ပြားများ ပြုလုပ်ပါက ဓါတ်ပုံ ၃ ပုံ၊ အိမ်ထောင်စု စာရင်း မိတ္တူ၊ မိဘ နှစ်ပါးရဲ့ ကိုင်ဆောင် လက်မှတ် မိတ္တူ၊ ရဲစခန်းနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနဲ့ ထောက်ခံချက်တို့ ပါရှိရမှာ ဖြစ်ပြီး အသေးစိတ် အချက် အလက်တွေကို သက်ဆိုင်ရာ မြို့နယ်ရုံး များမှာ ထပ်မံ စုံစမ်း နိုင်ကြောင်း သတင်းပေး တင်ဆက် လိုက်ရပါတယ်။
From : MRTV-4