အဆစ်ရောင်ရောဂါကုသနိုင်မည့် နည်းလမ်းသစ်

Monday, February 11, 2013

သွေးလေးဘက်နာအဆစ်ရောင် ရောဂါတစ်မျိုးဖြစ်သည့်
Rheumatoid arthritis ကိုကုသနိုင်မည့် IRHOM2 အမည်ရှိ ပရိုတင်းကိုတွေ့ရှိခဲ့ကြောင်း နယူးယောက်ခွဲစိတ်အထူးကုဆေးရုံမှ သုတေသီများကဆိုသည်။

Rheumatoid arthritis အဆစ်ရောင်ရောဂါသည် TNF-alpha ပရိုတင်းကြောင့်အဓိကဖြစ်ပွား ရသည့် သွေးလေးဘက်နာရောဂါ တစ်မျိုးဖြစ်သည်။ TNF အများ အပြားထုတ်လုပ်သည့်အခါ ကိုယ်ခံ အားဆဲလ်များ မှားယွင်းစွာလှုံ့ဆော်ခံရပြီး အဆစ်ရောင်ရောဂါကဲ့သို့ ကိုယ်ခံအားစနစ်ကပြန်တိုက်သည့် ရောဂါများခံစားရလေ့ရှိသည်။ ထို့ကြောင့် TNF ကိုပိတ်ဆို့သော ဆေးများသည် အဆစ်ရောင်ရောဂါ သည်များအတွက် အဓိကအားထားရာဆေးတစ်ခုဖြစ်သော်လည်း ဈေးအလွန်ကြီး၍ အချို့လူနာများတွင် အာနိသင်ပြခြင်းမရှိပေ။

သုတေသီများသည် TNF ပရိုတင်းကို အသေးစိတ်လေ့လာနေစဉ် ၎င်းနှင့်ဆက်စပ်နေသည့် IRHOM2 ပရိုတင်းကို တွေ့ရှိခဲ့သည်။ IRHOM2 ပရိုတင်းကို ပိတ်ဆို့၍ အဆစ်ရောင် ရောဂါကုသနိုင်ရန် ဆက်လက်လေ့ လာခဲ့ကြသည်။ IRHOM2 ပရိုတင်း မပါအောင် မျိုးဗီဇပြုပြင်ထားသော
ကြက်များဦးစွာမွေးမြူခဲ့ရာ ထိုကြက်များတွင် အဆစ်ရောင်ရောဂါဖြစ်ပွား
ခြင်းမရှိဘဲ အထွေထွေကျန်းမာရေး ပြည့်စုံလျက်ရှိသည်ကို တွေ့ရသည်။

ထို့ကြောင့် IRHOM2 ပရိုတင်း ကိုပိတ်ဆို့နိုင်သော ဆေးဝါးများဖြင့် TNF မထုတ်လုပ်နိုင်အောင် ဟန့်တားပြီး လူသားများတွင် အဆစ်ရောင်ရောဂါ
မဖြစ်အောင် ကုသနိုင်မည်ဖြစ်ကြောင်း သုတေသီများကဆိုသည်။ TNF မထုတ်လုပ်နိုင်အောင် ဟန့်တားသော နည်းပညာများသည် အရေပြားနှင့်
အူနံရံများကိုပါ ပျက်စီး စေသော်လည်း IRHOM2 ပရိုတင်း ကိုပိတ်ဆို့၍ ဟန့်တားခြင်းသည် အဆိုပါပျက်စီးမှုများဖြစ်ပေါ်စေခြင်း မရှိသည်ကိုတွေ့
ရသည်။

IRHOM2 ပရိုတင်းကိုပိတ်ဆို့ နိုင်မည့်ဆေးဝါးများတီထွင်နိုင်ရန်၊ လူနာ
များတွင်ဘေးကင်းစွာအသုံးပြုနိုင် ရန် ဆက်လက်လေ့လာမှုများပြုလုပ် မည်ဖြစ်ကြောင်း သုတေသီများကဆိုသည်။ လေ့လာမှုကို Journal of Clinical Investigation တွင်ဖော်ပြထားသည်။

SHARE THIS
Previous Post
Next Post