ရေကျော်ဈေးသစ် တည်ဆောက်ခြင်း ဈေးသူဈေးသားများ စိုးရိမ်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၅။
ပုဇွန်တောင်မြို့နယ်ရှိ ရေကျော် ဈေးအား ဈေးသစ်အဖြစ်
ပြန်လည်ပြုပြင်ဆောက်လုပ်မည့် ကိစ္စအပေါ် ဈေးသူဈေးသားများမှ ယခုလက်ရှိ ဈေးဟောင်းကိုသာ ပြန်လည်ပြုပြင် မွမ်းမံစေလိုပြီး ယာယီဈေးနေရာအားလည်း ယခုချိန်ထိ သတ်မှတ်နိုင်ခြင်း
မရှိသေးကြောင်း သိရသည်။

ဆိုင်ခန်းပေါင်း ၂၇၀ ကျော်ရှိ ယင်းဈေးကြီးအား ဈေးသစ်
အဖြစ် ပြန်လည်ဆောက်လုပ်ရန် စီစဉ်နေသော်လည်း
မြောင်းကြီးရပ်ကွက်တွင် ယာယီဈေးနေရာ သတ်မှတ်ခြင်းကို ယင်းရပ်ကွက်မှ ကန့်ကွက်ကြသောကြောင့် ယခုချိန်ထိ အတိ အကျသတ်မှတ်နိုင်ခြင်း မရှိသေးဘဲ ဇေယျာမြိုင်ပန်းခြံနှင့် လိပ်ကန်ပန်းခြံတို့တွင် သတ်မှတ်ပေးနိုင်ရန် စီစဉ်လျက်ရှိပြီး
ဈေးသူဈေးသားများမှလည်း ဈေးသစ် ပြန်လည်ဆောက်
လုပ်မည့် အပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ဈေးတွင်းမှ ဆိုင်ခန်းပိုင်ရှင် တစ်ဦးထံမှ သိရသည်။

ဈေးသစ်ဆောက်လုပ်၍ ယာယီဈေးသို့ပြောင်းရွေ့ရခြင်းနှင့်
ပတ်သက်၍ ဆန္ဒတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိ
ဈေးနေရာတွင်သာ ဆက်လက်လုပ်ကိုင်လိုသူများ ရှိသလို၊
ပြောင်းရွေ့ရန်လိုလားသူများလညိးရှိကြောင်း၊ ဆန္ဒမဲခွဲရာတွင် လက်ရှိဈေးအား ပြန်လည်ပြုပြင်မွမ်းမံပြီး ဆက်လက်လုပ်ကိုင် လိုသူ လေးဆယ်ရာနှုန်း၊ ဇေယျာမြိုင်ပန်းခြံသို့ပြောင်းရွေ့လိုသူ
လေးဆယ်ရာနှုန်းနှင့် လိပ်ကန်ပန်းခြံနေရာသို့ ပြောင်းရွေ့ လိုသူ နှစ်ဆယ်ရာနှုန်းရှိကြောင်း ဈေးသူဈေးသားများက
ပြောကြားသည်။

"ယာယီဈေးနေရာ သေချာမပေးနိုင်ဘဲ ဈေးသူဈေးသား
တွေရဲ့ ဆန္ဒလာမေးတော့ တယောက်တပေါက်ဖြစ်တာပဲ
အဖတ်တင်တာပေါ့၊ တခြား ဈေးတွေမှာဖြစ်သလို ယာယီ
ဈေးမှာနေခိုင်းပြီး ဈေးသစ်ပြီးတဲ့အချိန်မှာ ပြန်မဝင်ခိုင်းတာ
မျိုးဖြစ်မှာလဲ ကြောက်တယ်"ဟု ရေကျော်ဈေးအတွင်း အထည်ရောင်းချသူ ဒေါ်မိုးမိုက ပြောကြားသည်။

ဈေးအား စည်ပင်နှင့် ဈေးသူဈေးသားများပူးပေါင်းပြီး မျှခံ
စနစ်ဖြင့် လက်ရှိဈေးဟောင်းအား ပြုပြင်မွမ်းမံ သွားပါက ပိုမိုလက်ခံနိုင်စရာဖြစ်နိုင်ကြောင်း၊ ယာယီဈေးပြောင်းခိုင်းပြီးမှ
ဈေးသစ်တွင်ပြန်လည်ရောင်းချခွင့်မရခြင်း၊ ပြန်လည်ရောင်းချခွင့်
ရသော်လည်း ထပ်မံရောက်ရှိလာမည့် ငွေကြေးအင်အား
တတ်နိုင်သည့် ဆိုင်ခန်းများကြောင့် လက်ရှိအခြေအနေထက် အရောင်းအဝယ်ကျဆင်းနိုင်ခြင်း၊ ယာယီဈေးပြောင်းရွေ့ပါက ကုန်ကျစရိတ်ကြီးမားခြင်းများကြောင့် အသစ်ပြန်လည်ဆောက်
လုပ်ခြင်းကို လိုလားသော်လည်း စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း
ဈေးအတွင်းပျံကျဈေးသည် တစ်ဦးမှပြောကြားသည်။

ရေကျော်ဈေးအားအသစ်ပြန်လည်တည်ဆောက်ရန်အတွက်
စီစဉ်လျက်ရှိနေသော်လည်း ယာယီဈေးနေရာအခက်အခဲကြောင့် ယခုအချိန်ထိ ဆိုင်းငံ့ထားရကြောင်း ဇေယျာမြိုင်ပန်းခြံနေရာနှင့် လိပ်ကန်ပန်းခြံနေရာတို့တွင် နေရာသတ်မှတ်နိုင်ရန် စီစဉ်နေကြောင်း၊ ရပ်ကွက်သားများမှ လက်မခံပါက ဆက်လက်နေရာရွေးချယ် ရဦးမည်ဖြစ်ကြောင်း ဈေးစည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ယခင်က မြေနီကုန်းဈေး အပါအဝင် အချို့ဈေးများအတွင်း
ရောင်းချနေသူများအား ယာယီဈေးသို့ပြောင်းရွေ့ရောင်းချခိုင်းပြီး
ဈေးသစ်တည် ဆောက်ပြီးနောက် ပြန်လည် ဝင်ရောက်ရောင်းချခွင့် မရခဲ့သည်များကြောင့် ဈေးသစ်ဆောက်လုပ်မည့် စီမံကိန်း အပေါ် ဈေးသူဈေးသားများမှ စိုးရိမ်နေကြောင်းလည်း သိရသည်။

The Myanma Age
ဝေယံ

SHARE THIS
Previous Post
Next Post