လွန်ခဲ့တဲ့ငါးလခန့်က အင်္ဂလန်နိုင်ငံအလယ်ပိုင်း Leicester မြို့မှ
ကားပတ်ကင်တစ်ခုရဲ့ မြေအောက်ကနေ တူးဖော်ရခဲ့တဲ့ အရိုးစုဟာ
နှစ်ပေါင်းငါးရာကျော်က အင်္ဂလန်ဘုရင် Richard III ဖြစ်ကြောင်း DNA နည်းပညာနဲ့
စစ်ဆေးစမ်းသပ်ပြီးနောက် အတည်ပြုလိုက်ပါတယ်။
ရစ်ချတ် ၃ ဟာ အင်္ဂလန်ဘုရင်အဖြစ် နန်းသက်နှစ်နှစ်သာခံခဲ့ပြီး ၁၄၈၅ ခုနှစ် Bosworth Field တိုက်ပွဲမှာ သေဆုံးခဲ့ပါတယ်။ ရှိတ်စပီးယားရဲ့ ရစ်ချစ် ၃ ပြဇာတ်မှာ ရစ်ချက် ၃ ကို လူဆိုးသဖွယ် ဖော်ပြရေးသားထားပြီး သူ့ထီးနန်းကိုထိပါးလာမဲ့ လူအားလုံးကို (သူ့တူ ၂ ယောက်အပါ) သုတ်သင်ရှင်းလင်းပစ်ပါတယ်။ အခုလို ရစ်ချက် ၃ ရဲ့ အရိုးစုကို တူးဖော်ရပြီးနောက် သမိုင်းကိုပြန်ပြင်ရေးရမလို ဖြစ်နေပါတယ်။ Richard III Society အဖွဲ့အစည်းက ရှိတ်စပီးယားထဲကလို ရစ်ချက် ၃ ဘုရင် က သူတော်စင် မဟုတ်ပေမဲ့ ရာဇ၀တ်သားလည်း မဟုတ်ဘူးလို့ ပြောပါတယ်။ သမိုင်းတလျှောက် ရစ်ချက် ၃ ကို နာမည်ပျက်စေခဲ့တာက ရစ်ချက် ၃ ကို အနိုင်ရခဲ့ပြီး အင်္ဂလန်ဘုရင်ဖြစ်သွားတဲ့ Henry VII နဲ့ Henry Tutors မျိုးဆက်တို့ရဲ့ သမိုင်းလုပ်ကြံဖန်တီးမှုလည်း ဖြစ်နိုင်ကြောင်း သမိုင်းပညာရှင်များက ပြောကြပါတယ်။ ရစ်ချက် ၃ ပြုတ်ကျပြီးတဲ့နောက် Tutors မျိုးဆက်တွေက အင်္ဂလန်ကို ၁၁၇ နှစ် ဆက်လက်အုပ်ချုပ်ခဲ့ပါတယ်။
Leicester ကားပတ်ကင်နေရာက ယခင်က Grey Friars ဘုရားကျောင်းမြေနေရာ ဖြစ်ပြီး တူးဖော်ရခဲ့တဲ့ အရိုးစုတွေကို အင်္ဂလန်နဲ့ပြင်သစ်နိုင်ငံတို့မှာ
၃ ကြိမ် ဓာတ်ခွဲစမ်းသပ်ခဲ့တဲ့ အပြင် ရစ်ချက် ၃ ရဲ့ မျိုးရိုးနှစ်ဆက်တို့မှ
DNA တို့နဲ့ပါ တိုက်ယူစမ်းသပ်ခဲ့ပြီးတဲ့နောက် Richard III
ရဲ့အရိုးစုဖြစ်ကြောင်း University of Leicester မှ ရှေးဟောင်းသုတေသန
ပညာရှင် Richard Buckley က တနင်္လာနေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ရစ်ချက် ၃
ရဲ့အရိုးစုကို အနီးနားက Leicester Cathedral ဘုရားကျောင်းမှာ
ပြန်လည်မြုပ်နှံဖို့ Leicester မြို့တော်ဝန်က သဘောတူခဲ့ပါတယ်။