အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ ခေါင်းဆောင်သုံးဦး ဆွေးနွေး

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ၂၄ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“နိုင်ငံတော်သမ္မတကြီး အပါအ၀င် သုံးယောက် ဒီကိစ္စနဲ့ပတ် သက်ပြီး ဆွေးနွေးကြတယ်။ ရှေ့ဆက် ဘာတွေဆက်လုပ်ကြမလဲလို့ စဉ်းစားတယ်လို့ပဲ အကြမ်းဖျင်းသိထားပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် မိတ္ထီလာ ပဋိပက္ခတွင်း ပါဝင်သူဟု ယူဆထားသူများအား ဖမ်းဆီးထားပြီး ဖမ်းဆီးထားသူအားလုံးမှာ သာမန်အရပ်သား များသာ ဖြစ်ကြကြောင်း၊ ဖမ်းဆီးထားသူများထဲတွင် သံဃာတော်တစ်ဦးမှ မပါဝင်ကြောင်း ဦးရဲထွဋ်ကပြောကြားသည်။
“လက်ရှိ ဖမ်းမိထားတဲ့သူတွေက နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေ မဟုတ်ပါဘူး။ ကောလာဟလတွေပေါ်မှာ ပြဿနာဖြစ်လာတော့မှ ၀င်ပြီးဆူပူတဲ့သူတွေ၊ အခွင့်ကောင်းယူပြီး လုမယ့်ယက်မယ့်သူတွေပဲ များနေတယ်။ နောက်ကွယ်က ကြိုးကိုင်သူတွေ က ပြဿနာ အစပျိုးပြီးတာနဲ့ ပြေးပြီ။ ဘယ်နားရောက်သွားမှန်းတောင် မသိတော့ပါဘူး” ဟု ပြောသည်။
ရန်ကုန်အပါအ၀င် အချို့မြို့များတွင် ဆူပူမှုကို ဖြစ်ပေါ်စေသော ကောလာ ဟလသတင်းများ အဆက်မပြတ် ထွက်ပေါ်လာပြီး နယ်မြေအခြေအနေ တည်ငြိမ်စေရန် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ကောလာဟလများကို မယုံကြည်ဘဲ တရားဥပဒေအရ ဖြေရှင်းရမည်ကို တရားဥပဒေကြောင်း အရသာ ဖြေရှင်းကြရန် ၎င်းက တိုက်တွန်းထားသည်။
“မသင်္ကာတာရှိရင် သက်ဆိုင်ရာကို ချက်ချင်းသတင်းပို့ကြဖို့။ မီဒီယာတွေအနေနဲ့လည်း Conflict Sensitiv
(ပဋိပက္ခသတင်း ရေးသားမှုကျင့်ဝတ်များနှင့်အညီ) နဲ့ ရေးသားကြဖို့၊ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေကလည်း အချင်းချင်းထိတွေ့ဆက်ဆံပြီး ကောလာဟလကြားရင် ချက်ချင်းဖြေရှင်းဖို့၊ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုပါတယ်” ဟု တိုက်တွန်းပြောကြားထားသည်။
ထို့ပြင် မိတ္ထီလာမြို့ ပဋိပက္ခအပေါ် ခေါင်းဆောင်သုံးဦး ဆွေးနွေးထားသော အချက်ခြောက်ချက်ပါ ကြေညာချက်ကို နိုင်ငံပိုင် သတင်းစာများ တွင် ဖော်ပြမည်ဖြစ်ကြောင်း ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။
7Days News Journal

ရန်ကုန်၊ မတ်-၂၅

SHARE THIS
Previous Post
Next Post