နောက်ဆုံးရ မိတ္တီလာသတင်းများ စုစည်းမှု


မိတ္ထီလာတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန် ကြားဝင်ညှိနှိုင်းပေးနိုင်ရန်အတွက်ဟု ဆိုကာ မတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သော ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သည် မတ်လ ၂၁ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။

၎င်းတို့ ကြုံတွေခဲ့ရသော အခြေအနေများနှင့် ပတ်သက်၍ "ကျွန်တော်တို့ ဒုက္ခသည် စခန်းတွေလည်း သွားတယ်။ ဆေးရုံတွေလည်း သွားတယ်။ ကျွန် တော်မြင်တာကတော့ တကယ့်ရိုးရိုးသားသား ပြည်သူတွေကတော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုးလှုံ့ဆော်နေတာ တွေ့ရတယ်။ သာမန်ပြည်သူတွေကတော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။
ဆေးရုံမှာတော့ ပစ်ခတ် နှိမ်နင်းထားလို့ ခြေထောက်၊ ပေါင်တွေမှာ
ဒဏ်ရာရထားသူတစ်ချို့တွေ့ရတယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော် မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလောက်ပဲ လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စမှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယောဂတွေရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင်ကြီးကြီးနဲ့ ထိန်းသိမ်းကြပါလို့ပဲ
မေတ္တာရပ်ခံချင်တယ်။ မနက်ကတော့ အကြမ်းဖက်တဲ့ နေရာတွေမှာ လုံခြုံရေးဝန်ကြီးကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးလို့ နည်းနည်းငြိမ်သက်သွားတယ်။ တခြားမြို့ကြီးတွေမှာလည်း မသင်္ကာမှုတွေနဲ့ သံသယတွေ ရှိနေကြတယ်။ ရန်ကုန်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိုပြီး အဆင်ပြေတယ်ထင်လို့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်လာတာပါ" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က Eleven Media Group သို့ မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြောသည်။
 Eleven Media Group
-------------------------------------------------------------------------------------------------------
 
မတ်လ ၂၁ရက်၊ ၂၀၁၃ခုနှစ်
၃း၃၀ PM Time

မိတ္ထီလာမြို့အထွက်က ရန်ကုန်-မန္တလေးကားလမ်းမဘေး သီရိမင်္ဂလာ ရပ်ကွက်တွင် မင်္သကာဖွယ်ရာ လူအုပ်ရဲ့ မီးရှို့ဖျက်စီးမှုကြောင့် မီးအကြီးအကျယ်လောင်ကျွမ်းမှုများ ဖြစ်ပွားနေကြောင်း မိတ္ထီလာခရိုင်မီးသတ်တပ်ဖွဲ့က RFA ရဲ့ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

--------------------------------------------------------------------------------------- 

မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်

၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် နေ့က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ အဖြစ်မှန် ဖော်ထုတ်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို မတ်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကော်မတီတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး အောင်ကျာ်မိုးက ဥက္ကဌအဖြစ် လည်းကောင်း၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှုး ဦးတင်မောင်စိုးက အတွင်းရေးမှုးအဖြစ် လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်အေး၊ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီးထွန်းနိုင်၊ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီး မောင်မောင်မြင့်တို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း အသီးသီး ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဖြစ်စဉ်အမှန် အသေးစိတ်အား စုံစမ်းစစ်ဆေး၍ တစ်ပတ်အတွင်း ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။

-------------------------------------------------------------------------
ရန်ကုန်၊ မတ်-၂၁

မိတ္ထီလာမြို့တွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် မတ်လ ၂၀ ရက် ညမှစ၍ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး နေပြည်တော်နှင့် မန္တလေးတစ်ဝိုက်မှ ရဲ၊ လုံခြုံရေး တပ်ရင်းနှစ်ရင်းဖြင့် မြို့ပေါ်ရှိ လုံခြုံရေးအင်အားကို ထပ်မံဖြည့်တင်းလိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

မတ်လ ၂၀ ရက်တွင် စတင်ဖြစ်ပွားခဲ့သော ရွှေဆိုင်မှ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြသည့် ပိုင်ရှင် ဦးထွန်းထွန်း၊ ၎င်း၏ဇနီး ဒေါ်မြင့်မြင့်အေးနှင့် ဆိုင်လုပ်သား မင်းအောင်ခေါ် ညီညီတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများနှင့် အမှုဖွင့်ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ၎င်းက ပြောသည်။ ထိုပဋိပက္ခကြောင့် သံဃာတစ်ပါး မီးလောင်ဒဏ်ရာနှင့် ပျံလွန်တော်မူ၍ အမျိုးသားသုံးဦးသေဆုံးကာ ဆေးရုံတွင် ဒဏ်ရာရလူနာ ၂၀ ဦး စာရင်းရရှိထားကြောင်း ၎င်းက အတည်ပြုပြောသည်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်းပါးနေပြီး တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည့်အပေါ် ဦးရဲထွဋ်က "ဒီနေ့လည်း အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ရဲရော၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရော၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းက လူတွေရော ၀ိုင်းဝန်းလုပ်ဆောင်နေပါတယ်။ ဒီနေ့ ညနေပိုင်းမှာ အထက်ကို တင်ပြအတည်ပြုပြီးရင် သတင်းလည်းထုတ်ပြန်ပါမယ်" ဟု ပြောကြားသည်။

လုံခြုံရေးအင်အားအရေအတွက်ကို လတ်တလောတွင် ၎င်းအနေဖြင့် အတည်ပြုပြောနိုင်ခြင်း မရှိသေးဘဲ ပဋိပက္ခဖြစ်ပွားရာ နေရာရှိ ဒေသခံများအနေဖြင့် ကောလာဟလများကို မယုံကြည်ရန်နှင့် မိတ္ထီလာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့်လည်း ကောလာဟလများကြောင့် မြို့ပေါ်တက်လာခြင်း၊ လူအုပ် စုဝေးခြင်းများ မပြုလုပ်ကြခြင်းဖြင့် တာဝန်ကျလုံခြုံရေးများကို ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ဦးရဲထွဋ်က ပြောကြားထားသည်။

"သာမန်ဈေးဆိုင်နဲ့ ဈေးဝယ်ဖြစ်တဲ့ကိစ္စ၊ ရဲကလည်း အရေးယူထားပြီးသားကိစ္စကို ကောလာဟလတွေ ဖြန့်ပြီးတော့မှ ပဋိပက္ခကို ကြီးသထက်ကြီးအောင် လုပ်တာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ပဲ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခမှာ ယနေ့မွန်းလွဲ ၃ နာရီခွဲအချိန်ထိ ထိန်းသိမ်းနိုင်ခြင်းမရှိသေးဘဲ ထိုမြို့ရှိ အောင်ဇေယျရပ်ကွက်ရှိ နေအိမ်များ မီးလောင်လျက်ရှိပြီး မြို့ခံအချို့မှာ အခြားဒေသများသို့ ရွှေ့ပြောင်းနေကြသူများရှိကြောင်း သိရပါတယ်။

7Day News



SHARE THIS
Previous Post
Next Post