ဗဟို အာဖရိက နိုင်ငံ ဘန်ဂွီမြို့သည် သူပုန်များ လက်တွင်းသို့ ကျရောက် ခဲ့သောကြောင့် သမ္မတ ဖရန်ဆွာ ဘိုဇစ်သည် မြို့တော်ကို စွန့်ခွာပြီး ထွက်ပြေး သွားပြီ ဖြစ်ကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရန့် ဖေး
ဘီးယပ်စ် က မတ် ၂၄ ရက်တွင် အတည်ပြု ပြောကြား ခဲ့သည်။ ၎င်း၏ ထုတ်ပြန် ချက်တွင် ယခု ဖြစ်ပျက် နေသော အခြေ အနေ၌ ပါဝင် ပတ်သက် သူများအား ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက် သွားကြ ရန် တောင်းဆို လိုက်ပြီး ဗဟို အာဖရိက နိုင်ငံ အတွင်းရှိ ပြင်သစ် နိုင်ငံ သားများ အနေဖြင့် နေအိမ် အပြင် မထွက် ကြရန်နှင့် ပြင်သစ် သံရုံးက ၎င်းတို့၏ လုံခြုံရေးအား တာဝန် ယူပေး သွားမည် ဖြစ်ကြောင်း ထည့် သွင်း ပြောကြား ခဲ့သည်။
သမ္မတ ဘိုဇစ်သည် သူပုန်များ မြို့ကို မသိမ်း ပိုက်မီ မိနစ် ၃ဝ အလို၌ ၎င်း၏ သမ္မတ နန်းတော်မှ စွန့်ခွာ ထွက်ပြေး သွားခြင်း ဖြစ်ကြောင်း သမ္မတ ရုံးက မတ် ၂၄ ရက်တွင် ပြောကြား ခဲ့သည်။ ပြည်တွင်း လူ့ အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့၏ ပြောကြား ချက် အရ ဘိုဇစ်သည် ဘန်ဂွီမြို့ တောင်ဘက် ၁ဝ၇ ကီလို မီတာ အကွာရှိ အမ်ဘီကီမြို့သို့ တိမ်းရှောင် ထွက်ခွာ သွားကြောင်း သိရပြီး အခြား သတင်းများ အရ ၎င်းသည် အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် ကွန်ဂို နိုင်ငံသို့ တိမ်းရှောင် ထွက်ပြေး သွားကြောင်း သိရသည်။
သူပုန် များသည် မြို့ကို သိမ်းပိုက် နိုင်ရန် လွန်ခဲ့သော ဒီဇင်ဘာလမှ စ၍ စတင် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး သဘော တူညီမှု လက်မှတ် ရေးထိုး ထားသော်လည်း ၎င်းသဘော တူညီမှု သည် လျင် မြန်စွာ ပျက်ပြယ် သွားခြင်း ဖြစ်သည်။ ပြင်သစ် နိုင်ငံ အနေဖြင့် ဗဟို အာဖရိက ပြည်သူ များအား ကာကွယ် စောင့်ရှောက်ရန် ပြင်သစ်တပ်ဖွဲ့ဝင်၃၅ဝ ဦး စေလွှတ် ထားကြောင်း သိရသည်။